ကြားဖြတ်ရွေးကောက်ပွဲကို သိရှိသူနည်းပါးဟု PACE အဖွဲ့ဆို

ကြားဖြတ်ရွေးကောက်ပွဲကို သိရှိသူနည်းပါးဟု PACE အဖွဲ့ဆို

 

ရန်ကုန်၊ ဇူလိုင် ၁၃ ။             ။ ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန်ရှိသည်ကို မဲဆန္ဒနယ်များမှ မဲပေးပိုင်ခွင့်ရှိသူ တစ်ဝက်နီးပါး လောက်ကသာသိရှိကြကြောင်း ရွေးကောက်ပွဲ ဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု အဖွဲ့(PACE) ၏ အမှုဆောင် ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ပြောဆိုလိုက်သည်။

ဇူလိုင်လ ၁၃ ရက်နေ့က ရန်ကုန်မြို့ရှိ ပတ်ရွိုင်ရယ်ဟိုတယ်တွင် PACE အဖွဲ့၏ “ ရွေးကောက်ပွဲ အကြိုကာလသဘောထားအမြင်စစ်တမ်း ကနဦး အစီရင်ခံစာ” နှင့်သက်ဆိုင်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ အကျဉ်းချုပ်ကတော့ ရွေးကောက်ပွဲကျင်းပမယ်ဆိုတာကိုသိရှိတဲ့သူက တစ်ဝက်နီးပါးလောက်ပဲ ရှိတယ်။ ပိုပြီးအရေးကြီးတာက မဲဆန္ဒရှင်စာရင်း ကြေငြာပြသနေတာကို သိသလားလို့ပြောတဲ့အခါမှာ ၃ ပုံ ၁ ပုံလောက်ကသိတယ်။ အဲ့ဒီအရေအတွက်က အရမ်းမနည်းပေမယ့် နည်းတယ် လို့ ပြောလို့ရတယ်” ဟု စိုင်းရဲကျော်စွာမြင့်က ပြောသည်။

ရွေးကောက်ပွဲ အကြိုကာလသဘောထားအမြင်စစ်တမ်းကို စစ်တမ်းကောက်ယူသူ ၁၂၂ ဦးက တွေ့ဆုံမေးမြန်းမှု ၁၂၀၀ ကျော်ပြုလုပ်ပြီး ရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

စစ်တမ်းကောက်ရာတွင် မန္တလေးတိုင်းဒေသကြီးရှိ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာမှလွှဲ၍ ကျန်မဲဆန္ဒနယ် ၁၂ နေရာတွင်စစ်တမ်းကောက်ယူမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြုလုပ်ခဲ့သည့် စစ်တမ်းအရ ၇၀ ရာခိုင်နှုန်းနီးပါးခန့်က ရွေးကောက်ပွဲ ပြုလုပ်မည်ကိုသိရှိခဲ့ပြီး ၃၅ ရာခိုင်နူန်း အောက်ကသာမဲပေးခဲ့သည်။

ယခု ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ၅၀ရာခိုင်နှုန်း နီးပါးကသာ ရွေးကောက်ပွဲ ပြုလုပ်မည်ကို သိရှိထား၍ ရွေးကောက်ပွဲတွင် မဲပေးမည့် မဲဆန္ဒရှင် ပိုပြီးနည်းနိုင်သည့် အနေအထားလည်း ဖြစ်နေသည်။

ထို့ကြောင့် ရွေးကောက်ပွဲတွင် မဲပေးရန်စည်းရုံးလှုံ့ဆော်ခြင်းနှင့် အသိပညာပေးခြင်းများကို ပိုမိုလုပ်ဆောင်ရန်လိုအပ်နေသေးပြီး စစ်တမ်းအရ လူထက်ဝက်ခန့်က ၎င်းတို့မဲဆန္ဒနယ်တွင် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးလှုံ့ဆော်ခြင်းများမရှိသေးကြောင်းဖြေဆိုခဲ့သည်။

လာမည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတ တာဝန်ယူထားသည့် ဦးဝင်းမြင့်၏ တာမွေမြို့နယ် ပြည်သူ့လွှတ်တော်မဲ ဆန္ဒနယ်နေရာအပါအဝင် ပြည်သူ့လွှတ်တော် ၄ နေရာ ၊ အမျိုးသားလွှတ်တော် ၁ နေရာနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် ၈ နေရာ စုစုပေါင်း လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် ကြားဖြတ်ရွေး ကောက်ပွဲကို ကျင်းပသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags