လေဆိပ်တွင် ဦးကြည်လင်းနှင့် လုံးဝမတွေ့ခဲ့ကြောင်း အောင်ဝင်းဇော်ထွက်ဆို

လေဆိပ်တွင် ဦးကြည်လင်းနှင့် လုံးဝမတွေ့ခဲ့ကြောင်း အောင်ဝင်းဇော်ထွက်ဆို

ရန်ကုန်၊ ဇူလိုင်လ ၁၃ ။            ။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား လုပ်ကြံခဲ့သည့်နေ့က ဦးကြည်လင်းနှင့်် လုံးဝတွေ့ဆုံခဲ့ခြင်းမရှိကြောင်း အောင်ဝင်းဇော်က တရားခွင်အတွင်း ထွက်ဆိုခဲ့သည်။

ယနေ့ ဇူလိုင်လ ၁၃ ရက်တွင် ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံး၌ ဦးကြည်လင်း အပါအဝင် ၃ ဦးအား ၆၁ ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး ဦးအောင်ဝင်းဇော်အား စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ဦးအောင်ဝင်းဇော်က တရားခွင်အတွင်း သက်သေအဖြစ်အစစ်ခံခဲ့ပြီး ၎င်း၏ ရှေ့နေဖြစ်သူအထက်တန်းရှေ့နေ ဦးအောင်ခိုင်က မေးခွန်းများမေးမြန်းခဲ့ခြင်းဖြစ်သည်။

ထိုသို့စစ်ဆေးမေးမြန်းခဲ့ရာတွင် ဦးကိုနီ လုပ်ကြံခံခဲ့ရသည့်နေ့က ရရှိခဲ့သည့် CCTV ကင်မရာမှတ်တမ်းတွင် ဦးကြည်လင်းနှင့် ဦးအောင်ဝင်းဇော်တို့နှစ်ဦးမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 တွင် ကျောချင်းကပ် စကားပြောနေသည့် အနေအထားဖြင့် တွေ့ရှိခြင်းနှင့်ပတ်သက်ပြီး အထက်တန်းရှေ့နေ ဦးအောင်ခိုင်က ဦးအောင်ဝင်းဇော်အား မေးမြန်းခဲ့ခြင်းဖြစ်သည်။

ထိုသို့ မေးမြန်းခဲ့ရာတွင် ဦးအောင်ဝင်းဇော်က "ကျွန်တော်ကိုကြည်လင်းနဲ့ လုံးဝမတွေ့ခဲ့ပါ။ စကားလည်း မပြောခဲ့ပါ”ဟု တရားခွင်အတွင်း ထွက်ဆိုခဲ့သည်။

တရားခွင်မှ အထွက်တွင်လည်း မီဒီယာများအား “ကျွန်တော်မှ တကယ်မတွေ့ခဲ့တာ မတွေ့ခဲ့ဘူးဘဲ ပြောရမှာ ပေါ့ဗျာ။ ကျောချင်းကပ်အနေ အထားမဟုတ်ပါဘူး။ ကျွန်တော်တကယ်ကို မသိတာ။ ကျွန်တော်ကတော့ မပတ်သက်တဲ့အတွက် အမှန်အတိုင်းဘဲထွက်ဆို ရမှာပဲ။ ကျောချင်းလည်းကပ်တာလည်းမဟုတ်ဘူး”ဟု ဦးအောင်ဝင်းဇော်က ပြောသည်။

ထို့ပြင် ဦးကြည်လင်းနှင့် စကားပြောခြင်း၊ မက်ဆေ့ပို့ခြင်း၊ ဖုန်းဆက်ခြင်းများ ပြုလုပ်ခဲ့ခြင်းမရှိဘဲ ထွက်ပြေး လွတ်မြောက်နေသည့် အောင်ဝင်းခိုင်နှင့်သာ ဖုန်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း၊ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အသတ်ခံရမှုနှင့် ပတ်သက်၍လည်း ၎င်း ကရင်ပြည်နယ်၊ ဘားအံတွင် ဖမ်းဆီးခံခဲ့ရသည့် အချိန်မှ သိရှိခဲ့ခြင်း ဖြစ်ကြောင်း တရားခွင်အတွင်း ဦးအောင်ဝင်းဇော်က ထွက်ဆိုခဲ့သည်။ တရားခွင်အတွင်း လေဆိပ်မှ ရရှိထားသည့် CCTV ကင်မရာမှတ်တမ်းများကို ဦးအောင်ဝင်းဇော်၏ တောင်းဆို ချက်အရ ပြန်လည် ဖွင့်ပြခဲ့ကြောင်း၊ ထို ကင်မရာမှတ်တမ်းတွင် ဦးကြည်လင်းနှင့် ဦးအောင်ဝင်းဇော်တို့မှာ တစ်ဦးနဲ့ တစ်ဦး တစ်ပေအကွာခန့်ရှိပြီး ကျောချင်းကပ်အနေအထားဖြင့် တွေ့ရကြောင်း ရှေ့နေများက ပြောသည်။

“CCTV မှတ်တမ်းကိုကြည့်ပြီးတော့ဖြေပါရစေဆိုပြီးတော့ အောင်ဝင်းဇော်က တောင်းဆိုတယ်။ တောင်းဆို တဲ့အပိုင်းကို ကြည့်တော့ ဘာသွားတွေ့လဲဆိုရင် သူနဲ့ကြည်လင်းနဲ့ကျောချင်းကပ်ပေါ့နော် ။ကျောချင်းကပ်နေ တဲ့ကိစ္စက မနေပါဘူးဆိုတာ သူပြောတယ်။လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ် လောက်က သူတို့တွေအတူတူ အမှုဖြစ်ကြ တယ်။ဘုတလင်တရားရုံးမှာ ၁ တရားခံက အောင်ဝင်းဇော် ၂ တရားခံက ကြည်လင်း အဲ့ဒီလိုဖြစ်ပျက်နေ တဲ့အခြေအနေမျိုးတစ်ခုမှာ သူတို့နှစ်ယောက်ကခုနလို ကျောချင်းကပ်ကိစ္စမှာ သူတို့နှစ်ယောက်အဲ့မှာ မတွေ့ ပါဘူးလို့ ငြင်းဆိုဖို့အတွက်ကို CCTV မှတ်တမ်းကို ပြပါလို့ တရားရုံးကိုတောင်းဆိုတဲ့အတွက်ကြောင့်မို့လို့ CCTV မှတ်တမ်းကိုပြတယ်”ဟု ဦးကိုနီမိသားစုဘက်မှ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးနေလက ပြောသည်။

ပြီးခဲ့သည့် ၂ဝဝ၃ ခုနှစ်က ဦးအောင်ဝင်းဇော်၊ ဦးကြည်လင်းနှင့် အင်းစိန်အောင်စိုးတို့ ၃ ဦးမှာ မန္တလေး အိုဘို ထောင်တွင် တစ်စုတည်းကျ၍ အတူစားသောက်နေထိုင်ခဲ့ကြောင်း ဇူလိုင်လ ၁၂ ရက်တွင် ဦးကြည်လင်းက တရားခွင်အတွင်း ဝန်ခံထွက်ဆိုမှုများရှိသည်။ ယင်းအမှုနှင့် ပတ်သက်ပြီး အောင်ဝင်းဇော်အား စစ်ဆေးပြီးစီး ခဲ့ခြင်းမရှိဘဲ လာမည့် ဇူလိုင်လ ၂ဝ ရက်နေ့အား ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှ ပြန်လည်ချိန်းဆို လိုက်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly