NCA ထိုးမထိုး ပြောရန် စောနေသည်ဟု ဗိုလ်ချုပ်ဂွန်မော်ဆို

NCA ထိုးမထိုး ပြောရန် စောနေသည်ဟု ဗိုလ်ချုပ်ဂွန်မော်ဆို
ဓာတ်ပုံ - သက်ကို

ရန်ကုန် ၊ ဇူလိုင် ၁၂ ။                          ။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အား လက်မှတ်ရေးထိုး မထိုး အား ပြောရန် အချိန်စောနေသည်ဟု KIO ဒုဥက္ကဋ္ဌ ၂ ဗိုလ်ချုပ်ဂွန်မော်က ပြောဆိုသည်။

“အခုအချိန်မှာ ထိုးဖို့မထိုးဖို့ဆိုတာ ပြောဖို့ စောပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ဆွေးနွေးပြီးတဲ့ နောက်ပိုင်းမှာ ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့ ညနေပိုင်းတွင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ (၇) ဖွဲ့ဖြင့် အလွတ်သဘောတွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ယင်းတွေ့ဆုံမှုအပြီးတွင် ဗိုလ်ချုပ်ဂွန်မော်က အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ်မှာ UWSA ၀ အဖွဲ့ခေါင်းဆောင် ကျောက်ကော်အမ်းက ဦးဆောင်ပြီး NCA စာချုပ်အပေါ်မှာ ထားရှိသည့် သဘောထားအချို့ကို တင်ပြဖြစ်ခဲ့ကြောင်း ၊ FPNCC က တင်ထားသည့် စာတမ်းအပေါ်မှာ ဆွေးနွေးချင်သည့်အကြောင်း ပြောဆိုခဲ့သည်ဟု ဗိုလ်ချုပ် ဂွန်မော်ကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံရာတွင် ကချင်လွတ်လပ်ရေး အဖွဲ့(KIO) ၊ ၀ အဖဲ့ွ(UWSA) ၊ မိုင်းလားအဖွဲ့ (NDAA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တို့နှင့် တစ်ကြိမ် ၊ ရက္ခိုင့်အဖွဲ့(AA)၊ တအာင်းအဖွဲ့(TNLA) ၊ ကိုးကန့်အဖွဲ့(MNDAA) တို့နှင့်တစ်ကြိမ် သီးခြားစီ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့် တအာင်းလွတ်မြောက်ရေးအဖွဲ့ TNLA ဒုဥက္ကဋ္ဌ တာခူးလာန်းက “တိုးတက်မှုတော့အများကြီးရှိပါတယ်။ ၅၀ ရာခိုင်နှုန်း မျှော်လင့်တယ်” ဟု ဆိုသည်။

မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့များအနေဖြင့် ယမန်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်လည်း သွားရောက်တွေ့ဆုံခဲ့သေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags