မကွေးတိုင်းအတွင်း သစ်ပင် ၉ သိန်းခန့် နှစ်စဉ်စိုက်ပျိုးနေ

မကွေးတိုင်းအတွင်း သစ်ပင် ၉ သိန်းခန့် နှစ်စဉ်စိုက်ပျိုးနေ

 

မကွေး၊ ဇူလိုင် ၁၃ ။                  ။ အစိုးရသစ်လက်ထက်တွင်စတင်ခဲ့သော မြန်မာနိုင်ငံသစ်တောများ ပြန်လည်စိမ်းလန်းစိုပြေရေး (၁၀)နှစ် စီမံကိန်းအရ ကျွန်း၊ပျဉ်းကတိုး၊လျှော်ဖြူ၊ဝါး စသည့် သစ်ပင်အမယ်(၁၅)မျိုးဖြင့် နှစ်စဉ် အပင်ရေ ၉ သိန်းခန့် စိုက်ပျိုးလျက်ရှိကြောင်း မကွေးတိုင်းသစ်တောဦးစီးဌာနမှ သိရသည်။

မကွေးတိုင်းအတွင်းရှိ မြို့နယ်၂၅ မြို့နယ်၌ ပြည်သူများ ထံသို့ အခမဲ့ဖြန့်ဝေပေးပြီး နည်းလမ်း ၈ မျိုးဖြင့်  စိုက်ပျိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ ဒီနှစ်အတွက် အပင်(၉)သိန်းလုံး ဖြန့်လည်းဖြန့်ပြီးပြီ ၊ စိုက်လည်းစိုက်ပြီးပြီ။ ဖြန့်ပြီးပြီးချင်း တစ်ခါတည်း စိုက်ကြဖို့ ဆော်သြရတာပေါ့။ မိုးရာသီ သစ်ပင်စိုက်ပွဲတွေကျင်းပပြီးလည်း စိုက်တယ်။ နေ့ထူးနေ့မြတ် အခမ်းအနားတွေမှာလည်း လူထုလှုပ်ရှားမှုအဖြစ် စိုက်တယ်။ အစိုးရအဖွဲ့ဝန်ကြီးတွေရော ၊ ပြည်သူတွေရော အတူစိုက်ကြတာပါ ။ စီမံချက်က ၂၀၁၆-၁၇ ကနေ ၂၀၂၀အထိ” ဟု တိုင်းသစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်သိန်းခိုင်က ပြောသည်။

နိုင်ငံတော်ပိုင်စိုက်ခင်းထူထောင်ခြင်း၊ မိုးရာသီလူထုလှုပ်ရှားမှုဖြင့်စိုက်ပျိုးခြင်း၊ သဘာဝတောမြှင့်တင်စိုက်ပျိုး ခြင်း၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအနေဖြင့် စိုက်ပျိုးခြင်း၊ စည်ပင်သာယာကော်မတီများ အစီအစဉ်ဖြင့် စိုက်ပျိုးခြင်း၊ အစိုးရ မဟုတ်သောအဖွဲစည်းများ၏ အစီအစဉ်ဖြင့် စိုက်ပျိုးခြင်း၊ ဒေသအစုဖွဲ့ပိုင် သစ်တော ထူထောင်ခြင်း၊ ပုဂ္ဂလိက စိုက်ခင်းထူထောင် ခြင်း စသည့် နည်းလမ်း(၈)သွယ်ဖြင့် သစ်ပင်များ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

စိုက်ခင်းများတည်ထောင်၍ တစ်ဧကထဲ၌ သစ်ပင် ၁၂၁၀ ပင် စိုက်ပျိုးမှုများလည်း လုပ်ဆောင်နေပြီး စိုက်ဧက အရတွက်ကြည့်လျင် သစ်ပင်အရေအတွက်သန်းချီ၍ စိုက်ပျိုး နိုင်ခဲ့ကြောင်း သစ်တောဦးစီးဌာန မှ သိရသည်။

“ ဝင်းခြံထဲမှာ စိုက်တဲ့အပင်ကတော့ အများအားဖြင့် ရှင်ပါတယ်။ အပြင်စိုက်တဲ့အပင်ကတော့ တိရိစ္ဆာန်ဖျက်ဆီး တာတွေ ရှိနိုင်ပါတယ်။ လမ်းဘေးမှာ အစောင့်အရှောက်မရှိဘဲ စိုက်တာက အပင်တစ်ရာစိုက်ရင် ၆၀ကျော် ၇၀ နီးပါးလောက် ရှင်တယ်။ သစ်ပင်တွေကတော့ နေရာတိုင်းမှာ စိုက်ဖို့ လိုပါတယ်။ သဘာဝပတ်ဝန်းကျင်ကလည်း ပျက်လာပြီလေ။ သစ်ပင်များများ စိုက်လေ အကျိုးရှိလေပဲ ” ဟု ညွှန်ကြားရေးမှူး ဦးမြင့်သိန်းခိုင်က ဆိုသည်။

တစ်ဘက်က သစ်တောများပြန်လည်ပျိုးထောင်မှုများဆောင်ရွက်နေသကဲ့သို့ တရားမဝင်သစ်ခိုးထုတ်မှုများကို ပြည်သူများနှင့်ပူးပေါင်းတားဆီးခဲ့ရာ ပြီးခဲ့သည့်နှစ်က တရားမဝင်သစ်တန်ချိန် ၂၉၀၀ ကျော် ဖမ်းဆီးနိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း တန် ၁၉၀၀ ကျော် ဖမ်းဆီးမိခဲ့ကြောင်း ၊ စဉ်ဆက်မပြတ်ဖမ်းနေ၍ သစ်ခိုးထုတ်မှုများ လျော့သွားခြင်းဖြစ်ကာ ပြည်သူများ၏ သတင်းပေး ပူးပေါင်းပါဝင်မှု၏ရလဒ်ဟုထင်မြင်ကြောင်း ညွှန်ကြားရေးမှူး ဦးမြင့်သိန်းခိုင် က သုံးသပ်ပြောဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly