အိချောပို ပါ၀င်တဲ့ ကြွေရုပ်ရှင်ဇာတ်ကား မကြာမီ ရုံတင်ပြသမယ်

အိချောပို ပါ၀င်တဲ့ ကြွေရုပ်ရှင်ဇာတ်ကား မကြာမီ ရုံတင်ပြသမယ်

ရန်ကုန် ၊ ဇူလိုင် ၁၂ ရက် ။         ။ လွှမ်းပိုင်၊ ရဲအောင်၊ အိချောပို၊ စိုးမြတ်သူဇာ တို့ ခေါင်းဆောင်ပါဝင်ထားသော "ကြွေ" ရုပ်ရှင်ဇာတ်ကားကို လာမဲ့ ဇူလိုင်လ ၂၀ ရက်က စတင်ပြီး ပြသတော့မယ်လို့ သိရပါတယ်။

ဒီရုပ်ရှင်ကားရဲ့ မိတ်ဆက်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၂ရက်နေ့က ရန်ကုန်မြို့ Juction City ရှိ JCGV ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။

“ ကြွေ”  ဆိုတဲ့ ဇာတ်ကားမှာ တက္ကသိုလ်ကျောင်းသားဘ၀ ဇာတ်ရုပ်ကို ပုံဖော်ထားပြီး ကောင်မလေး တစ်ယောက်ရဲ့ အချစ်ကိုရဖို့ ရူးရူးမူးမူး ကြိုးစားတဲ့ကောင်လေးတစ်ယောက် အကြောင်း ရိုက်ကူးထားတာပါ။

" ဝတ္ထုထဲကအတိုင်း စာဖတ်ပရိတ်သတ်တွေ စိတ်ကူးနဲ့တူညီအောင် ကြိုးစား သရုပ်ဆောင်ထားပါတယ်။ ဒီကားကို လာကြည့်ရင် တက္ကသိုလ်နဲ့ ခံစားရတဲ့ အငွေ့အသက်လေး ရမယ်လို့ ပြောချင်ပါတယ်။ လာရောက်အားပေးကြည့်ရှုပေးကြဖို့ကိုလည်း ပြောချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်"လို့  သရုပ်ဆောင် အဆိုတော် လွှမ်းပိုင်က ပြောပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားဟာ လွှမ်းပိုင်ရဲ့ ဒုတိယမြောက်ရုပ်ရှင်ကားလည်း ဖြစ်ပြီး ဧည့်သည် သရုပ်ဆောင်များဖြစ်ကြတဲ့ ခန့်စည်သူ ၊ ထွန်းထွန်း ၊ ဗေလုဝတို့နဲ့ အခြား ဇာတ်ပို့ဇာတ်ရံများစွာပါဝင်ကာ ဒါရိုက်တာ သားညီ က ရိုက်ကူးထားတာပါ။

လွန်ခဲ့တဲ့ ၂နှစ်ကျော်လောက်ထဲက " ကြွေ " ရုပ်ရှင်ဇာတ်ကားကြီးကို စတင်ရိုက်ကူးခဲ့တာ ဖြစ်တယ်လို့ သရုပ်ဆောင် အိချောပိုက ပြောပါတယ်။

" အခက်ခဲလေးတွေလည်း အများကြီး ရှိပါတယ်။ မိုးတွင်းတစ်တွင်းလုံးမှာ ပြန်နားပြီး ပြန်ရိုက်ရတာမျိုးတွေလည် ရှိပါတယ်။ အဲ့ဒါကြောင့် လိုအပ်တာလေးတွေလည်း ရှိပါတယ်။ နားလည်ပြီး ကြည့်ပေးကြပါ။ အတတ်နိုင်ဆုံး ဒါရိုက်တာ ညွှန်ကြားတဲ့ အတိုင်းသရုပ်ဆောင်ထားပါတယ်” လို့ သရုပ်ဆောင် အိချောပိုက ဆိုပါတယ်။

စာရေးဆရာ မင်းလူရဲ့ ဝတ္ထုကို ရိုက်ကူးခဲ့တာဖြစ်ပြီး Bo Bo Film Production က ထုတ်လုပ်ရိုက်ကူးတဲ့ ရုပ်ရှင်ကားလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly