အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၉ )

အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၉ )

အခွန်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများ

အစိုးရ၏ အခွန်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများတွင် အခွန်စည်းကြပ်ခြင်း (အခွန်အခြေခံနှင့် အခွန်နှုန်းထားများ သတ်မှတ်ခြင်း) ၊ အခွန်ကောက်ခံခြင်းနှင့် စီမံအုပ်ချုပ်ခြင်းတို့အပြင် အခွန်ဝင်ငွေခွဲဝေမှုများကိုလည်း ခွဲခြားသိရှိ ထားရန် အရေးကြီးသည်။ အမေရိကန်ပြည်ထောင်စုတွင် ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရတို့သည် ၎င်းတို့ ကောက်ခံခွင့်ရှိသော အခွန်များအပေါ် စည်းကြပ်ခွင့် ရှိကြပြီး ဒေသန္တရအစိုးရများ၏ အခွန်စည်းကြပ်ခွင့်သည် သက်ဆိုင်ရာ ပြည်နယ်ဖွဲ့စည်းပုံ ပြဋ္ဌာန်းချက်များပေါ် မူတည်ပြီးကွဲပြားသွားသည်။ အစိုးရအဖွဲ့များ၏ အခွန် အာဏာများကို သီးခြားအခွန်အာဏာများနှင့် ထပ်ထူပြုအခွန်အာဏာများ ဟူ၍ ခွဲခြားနိုင်သည်။ ဖက်ဒရယ် အစိုးရ၏ သီးခြားအခွန်အာဏာ များတွင် အကောက်ခွန်၊ လက်ဆောင်ခွန်နှင့်လုပ်ခလစာခွန်တို့ပါဝင်ပြီးပြည်နယ် အစိုးရတို့၏ သီးခြားအခွန်အာဏာ များတွင် အထွေထွေရောင်းဝယ်ခွန်၊ မော်တော်ယာဉ်နှင့် လုပ်ငန်းလိုင်စင်ခွန် တို့ ပါဝင်သည်။

ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရတို့၏ထပ်တူပြုအခွန်အာဏာများတွင်ဝင်ငွေခွန်၊ယစ်မျိုးခွန် နှင့် အိမ်ခြံမြေခွန်တို့ပါဝင်ပြီး ပြည်နယ် အစိုးရနှင့် ဒေသန္တရအစိုးရတို့၏ ထပ်တူပြုအခွန်အာဏာများတွင် ဝင်ငွေ ခွန်၊ ရောင်းဝယ်ခွန်နှင့် ယစ်မျိုးခွန်တို့ ပါဝင်သည်။

အမေရိကန်ပြည်ထောင်စုတွင် အခွန်အခြေခံကျယ်ပြန့်သော (ဝင်ငွေများစွာ ဆောင်ကျဉ်းပေးနိုင်သော) အခွန် များ (ဥပမာ - ဝင်ငွေခွန်များ) အပေါ် စည်းကြပ်ကောက်ခံခွင့်ကို ဖက်ဒရယ်အစိုးရအပြင် ပြည်နယ်အစိုးရများ ကိုလည်း ပေးထားသည်။ ဖက်ဒရယ်အစိုးရ၏ ဝင်ငွေအရင်းအမြစ်သည် ဝင်ငွေခွန်အပေါ်တွင် အများဆုံး မှီခိုနေ ရသည်။ တစ်ဦးချင်းဝင်ငွေခွန်သည် ဖက်ဒရယ်အစိုးရအခွန်ရငွေ၏ (၈၀) ရာခိုင်နှုန်းကျော်ကိုလည်းကောင်း၊ တစ်နိုင်ငံလုံးစုစုပေါင်းဝင်ငွေခွန်ရငွေ၏ (၈၀) ရာခိုင်နှုန်းကိုလည်းကောင်း ကိုယ်စားပြုသည်။ ပြည်နယ်များသည် ဝင်ငွေခွန်အပြင် အထွေထွေရောင်းဝယ်ခွန်များမှလည်း ဝင်ငွေများစွာ ကောက်ခံရရှိသဖြင့် ပြည်နယ်များ၏ ဝင်ငွေအရင်းအမြစ် ဖြန့်ကျက်မှုသည် ဖက်ဒရယ်အစိုးရ၏ ဝင်ငွေအရင်းအမြစ်ဖြန့်ကျက်မှုများထက် ပိုများသည်။ ဒေသန္တရအစိုးရ အခွန်ဝင်ငွေအားလုံး၏ လေးပုံသုံးပုံနီးပါးကို ပစ္စည်းခွန်များမှ ရရှိသဖြင့် ပစ္စည်းခွန်သည် ဒေသန္တရ အစိုးရများအတွက် ဝင်ငွေအမြင့်ဆုံးရစေသော အခွန်အရင်းအမြစ်တစ်ခု ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု၏ အစိုးရအဖွဲ့များသည် အခွန်များကို စည်းကြပ်ကောက်ခံရာတွင် အခွန်စနစ်အမျိုးမျိုး (အခွန်  အခြေခံနှင့် အခွန်နှုန်းထားသတ်မှတ်မှုအမျိုးမျိုး) ကျင့်သုံးကြပြီး ထိုမတူညီသော အခွန်စနစ်များကို စနစ်တကျ စည်းဝါး ညီစေသည့်အစီအစဉ် (formal tax harmonization) မရှိပါ။ သို့ရာတွင် အစိုးရအဖွဲ့များ သည် ဖွဲ့စည်းပုံ အရ သီးခြား လွတ်လပ်သော အခွန်အာဏာများရှိသော်လည်း လက်တွေ့တွင် အစိုးရအဖွဲများ၏ အခွန်ဖွ့ဲစည်းပုံ များသည် အပြန်အလှန် ဆက်နွှယ်မှုရှိသည်။ အချို့သော ပြည်နယ်များသည် ၎င်းတို့၏ အခွန်စနစ်ကို လွတ်လပ် စွာ ရေးဆွဲချမှတ်ကြသော်လည်း အချို့သော ပြည်နယ်များသည် ၎င်းတို့၏ အခွန်အချို့ကို စည်းကြပ်ကောက်ခံ ရာတွင် ဖက်ဒရယ်အခွန် အခြေခံများကို ယူထားသည့်အပြင် တစ်ခါတစ်ရံတွင် ဖက်ဒရယ်အခွန်နှုန်းထားများ အတိုင်း ကောက်ခံကြသည်။ ဥပမာ - ပြည်နယ် (၃၇) ခု သည် ၎င်းတို့၏ တစ်ဦးချင်းဝင်ငွေခွန် အခြေခံအတွက် ဖက်ဒရယ်အစိုးရ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များကို အသုံးပြုလာကြသည်။ ဖက်ဒရယ်ဥပဒေသည် ဖက်ဒရယ်ဝင် ငွေခွန်အပေါ် ပြည်နယ်ဝင်ငွေခွန် ထပ်ကောက်ခံခြင်း (တစ်နည်းအားဖြင့် ဖက်ဒရယ်ဝင်ငွေခွန်စနစ်ဖြင့်ကောက်ခံ ရရှိလာသော ဝင်ငွေခွန်ရငွေများအပေါ် ရာခိုင်နှုန်းတစ်ခုဖြင့် ကောက်ခြင်း - piggybacking) ကို ခွင့်ပြုထား သော်လည်း မည်သည့် ပြည်နယ်မှ ထိုနည်းကို မရွေးချယ်ကြပေ။ ထို့ပြင် အချို့သော ပြည်နယ်များသည် အခွန် ကောက်ခံရာတွင် ပူးပေါင်းဆောင်ရွက်ကြသည်။ အခွန်ဥပဒေလိုက်နာမှုကဲ့သို့သော အချက်အလက်များမျှဝေရန် အခြားပြည်နယ်များနှင့် အခွန်ကောက်ခံခြင်းဆိုင်ရာသဘောတူစာချုပ်များ ချုပ်ဆိုကြသည်။ အခွန်စည်းကြပ် ကောက်ခံမှုှနှင့်စပ်လျဉ်း၍ ကန့်သတ်ချက်များရှိသည်။ ဖက်ဒရယ်အစိုးရ၏ အခွန်အာဏာများကို ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက် (၅) ခုနှင့် ညီညွှတ်မှု ရှိရမည်။ ထိုပြဋ္ဌာန်းချက်များမှာ

၁- ဖက်ဒရယ်အစိုးရသည် အခွန်၊

အကောက်ခွန်၊ သွင်းကုန်ခွန်နှင့် ယစ်မျိုးခွန်တို့ကို စည်းကြပ်ကောက်ခံခွင့်အာဏာရှိသည်။ ၂ - ဖက်ဒရယ် အစိုးရသည် မည်သည့်ပြည်နယ် ပို့ကုန်များအပေါ် အခွန်ကောက်ခံခွင့် မရှိပါ။ ၃ - ဖက်ဒရယ်အစိုးရ၏ အခွန်များ သည် အမေရိကန်နိုင်ငံတစ်ဝန်းတွင် တပြေးညီဖြစ်ရမည်။ ၄ - လူဦးရေအရ ပြည်နယ်များနှင့်မျှဝေခြင်းမပြုသော မည့်သည့်တိုက်ရိုက်ခွန်မှ စည်းကြပ်ခွင့် မရှိပါ။ ၅ - ဘဏ္ဍာရေးမူကြမ်းများအားလုံးသည် အောက်လွှတ်တော် (House of Represen tatives) မှ တစ်ဆင့် ဆင်းသက်လာရမည်။ ထို့အပြင် ပုဒ်မ - ၅အရ“ဥပဒေလုပ်ထုံးလုပ်နည်း နှင့်အညီ   ဆောင်ရွက်ရန်လိုအပ်ခြင်း” ပြဋ္ဌာန်းချက်ဖြင့် ဖက်ဒရယ်အစိုးရ၏ အခွန်အာဏာများကို လျော့ရဲ စွာ ကန့်သတ်ထား သည်ကိုတွေ့ရသည်။ ထိုနည်းတူ ပြည်နယ်နှင့် ဒေသန္တရအစိုးရများ၏ အခွန်အာဏာများကို လည်း ဖွဲ့စည်းပုံထဲပါ ပြဋ္ဌာန်းချက် (၂) ခုဖြင့် ကန့်သတ်ထားသည်။ ထိုပြဋ္ဌာန်းချက်များမှာ ၁ -ပြည်နယ်တစ်ခုနှင့် တစ်ခုအကြား ကူးသန်း ရောင်းဝယ်မှုများ(interstate commerce) အပေါ် ပြည်နယ်များက ခွဲခြားဆက်ဆံခြင်း မပြုရန် တားမြစ်ထားသည်နှင့် ၂ - နိုင်ငံတကာကုန်သွယ်မှုများ (international trade) အပေါ် ပြည်နယ်များမှ အခွန်စည်းကြပ်ကောက်ခံခြင်း မပြုလုပ်ရန်တားမြစ်ထားသည်။

ဘဏ္ဍာရေး မညီမျှမှုများ

အမေရိကန်ပြည်ထောင်စုတွင် ဘဏ္ဍာရေးမညီမျှမှုများသည် ပုံမှန်ဖြစ်စဉ်တစ်ခုအဖြစ် ရှိနေသည်။ ပြည်နယ် တစ်ခုစီ၏ဘဏ္ဍာရေးစွမ်းဆောင်နိုင်စွမ်း (fiscal capacity)၊ သဘာဝသယံဇာတကြွယ်ဝမှု (natural resource endowment) နှင့် စီးပွားရေးဖွံ့ဖြိုးမှုအဆင့် (economic status) ပေါ်မူတည်ပြီး ဘဏ္ဍာရေးမညီမျှမှုများသည် ပြည်နယ်အလိုက် ကွဲပြားသွားသည်။ နိုင်ငံအတွင်း ဒေါင်လိုက်နှင့် အလျားလိုက်ဘဏ္ဍာရေးမညီမျှမှုများ ရှိနေပြီး အလျားလိုက်ဘဏ္ဍာရေးမညီမျှမှုများမှာ အလွန်မြင့်မားနေသည်။ ပြည်နယ်များ၏ ဘဏ္ဍာရေးစွမ်းဆောင်နိုင်စွမ်း (တစ်နည်းအားဖြင့် အခွန်ကောက်ခံနိုင်စွမ်း) မတူညီကြသဖြင့် ပြည်နယ်များသည် တစ်ပြေးညီအခွန်နှုန်း တစ်ခု ဖြင့် အခွန်ကောက်ခံပြီး မျှတသောပြည်သူ့ဝန်ဆောင်မှုများ ဆောင်ရွက်နိုင်ခြင်း မရှိပေ။ထို့ပြင်ပြည်နယ်များသည် ၎င်းတို့၏ အသုံးစရိတ်တာဝန်များအတွက် လိုအပ်သော ဘဏ္ဍာငွေများကို ၎င်းတို့၏ အခွန်အရင်းအမြစ် တစ်ခု တည်းဖြင့် ဖြေရှင်းနိုင်ခြင်း မရှိကြသဖြင့် ဖက်ဒရယ်ထောက်ပံ့ငွေများကို မှီခိုအားထားရသည်။ အချို့သော ပြည်နယ် များသည် ဖက်ဒရယ်ထောက်ပံ့ငွေများကို အလွန်အကျွံမှီခိုနေရပြီး အချို့သော ပြည်နယ်များသည် ဖက်ဒရယ်ထောက်ပံ့ငွေ အနည်းငယ်ကိုသာ ရယူကြသည်။ ပြည်နယ်များသည် ၎င်းတို့၏ အခွန်အာဏာများကို (အခွန်နှုန်းတိုးခြင်း သို့မဟုတ် အခွန်အခြေခံချဲ့ခြင်းဖြင့်) အတိုးအလျော့ပြုခွင့်ရှိသော်လည်း ကန့်သတ်ချက်များ ပါလေ့ရှိသော ဖက်ဒရယ်ထောက်ပံ့ငွေအပေါ် အနည်းနှင့်အများ မှီခိုအားထားနေရဆဲ ဖြစ်သည်။ ထိုသို့ မှီခို အားထားနေရမှုများသည် ပြည်နယ်များ၏ ဘဏ္ဍာရေးကိုယ်ပိုင် အုပ်ချုပ်ခွင့်နှင့် ဘဏ္ဍာရေးတာဝန်ခံမှုများကို အားနည်းစေနိုင်သည်ကို ပြည်နယ်အများစုက သိရှိနားလည်ကြသော်လည်း လက်တွေ့တွင် ဘဏ္ဍာရေးအရ အမှီအခိုကင်းသော ပြည်နယ်သည် အလွန်ရှားပါသည်။

ဘဏ္ဍာငွေ လွှဲပြောင်းမှုများ

အမေရိကန်ပြည်ထောင်စုတွင် တိုက်ရိုက်ဘဏ္ဍာရေးညီတူမျှတူအစီအစဉ်များ (direct fiscal equalization scheme) ချမှတ်ထားခြင်း မရှိပေ။ ယင်းအစား ဘဏ္ဍာငွေလွဲပေးမှုအများစုမှာ သတ်မှတ်ချက်များပါသော ဒေါင်လိုက် ထောက်ပံ့ငွေ (ဖက်ဒရယ်အစိုးရမှ ပြည်နယ်များသို့ ချပေးသည့် ထောက်ပံ့ငွေများ) (conditional vertical transfers) ဖြစ်ပြီး ဖက်ဒရယ်အစိုးရ၏ အထူးထောက်ပံငွေ အစီအစဉ်အပေါ်တွင် အခြေခံထားသည်။ ဖက်ဒရယ်အစိုးရသည် ပြည်နယ် များ၏ ပညာရေး၊ ကျန်းမာရေး၊ အိမ်ရာနှင့် ပို့ဆောင်ဆက်သွယ်ရေးစသည့် ကဏ္ဍများကို မြှင့်တင်ပေးရန် ရည်ရွယ်လျက် ပြည်နယ်များအား ဖက်ဒရယ်ထောက်ပံ့ငွေများ ချပေးလေ့ရှိသည်။ ဖက်ဒရယ်ထောက်ပံ့ငွေများသည် အဓိကအားဖြင့် အမျိုးအစား (၂) မျိုး ရှိသည်။ ပထမတစ်မျိုးမှာ စီမံကိန်း ထောက်ပံ့ငွေ (project grants) ဖြစ်ပြီး သတ်မှတ် ကာလတစ်ခုအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းတစ်ခုခုအတွက် ငွေကြေးထောက်ပံ့ပေးခြင်းဖြစ်သည်။ ဒုတိယအမျိုးအစားမှာ ပုံသေနည်းထောက်ပံ့ငွေ များ (formula grants) ဖြစ်ပြီး ဝင်ငွေ၊ ဆင်းရဲနွမ်းပါးမှုနှုန်းနှင့် လူဦးရေစသည့် အချက်များကို ထည့်သွင်းစဉ်း စားထားသည့် ဖက်ဒရယ်ထောက်ပံ့မှုများကို ရည်ညွန်းသည်။ အချို့သော ဖက်ဒရယ်ထောက်ပံ့ငွေများသည် ပြည်နယ်အသုံးစရိတ်တစ်ခုခုအတွက် လိုအပ်သော ဘဏ္ဍာငွေ အားလုံးထက် စုစုပေါင်းလိုငွေ၏ အချိုးအစား တစ်ခုကိုသာ ပံ့ပိုးပေးခြင်းမျိုးလည်းရှိသည်။ နောက်ပိုင်းတွင် ဖက်ဒရယ်အစိုးရသည် သတ်မှတ်ချက်များ မပါသ လောက် နည်းသော ထောက်ပံ့ငွေများ (block grants) ကိုလည်း ပြည်နယ်များအတွက် ချပေးသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကုန်သွယ်ရေးဆိုင်ရာ ထိန်းကြောင်းမှုအာဏာကို ဖက်ဒရယ်အစိုးရအား ပေးအပ်ထားပြီး ပြည်နယ်များအကြား ကူးသန်းရောင်းဝယ်မှုအပေါ် အခွန်ကောက်ခံခြင်းနှင့် အခွန်ကောက်ခံနိုင်သော နယ်မြေ များကို ကန့်သတ်ထားခြင်းဖြင့် ပြည်နယ်သားမဟုတ်သူများအပေါ် ပြည်နယ်များမှ ခွဲခြားဆက်ဆံခြင်းကို တားမြစ် ထားသည်။  

  1. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁ )
  2. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၂ )
  3. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၃ )
  4. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ်( ၄ )
  5. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ်( ၅ )
  6. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၆ )
  7. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၇ )
  8. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၈ )

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly