ထောက်ကြန့်အုပ်ချုပ်ရေးမှူးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်

ထောက်ကြန့်အုပ်ချုပ်ရေးမှူးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်

 

ရန်ကုန်၊ ဇူလိုင်လ ၁၃ ။                         ။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တိုးချဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်အား အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ယနေ့ ဇူလိုင်လ ၁၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ဦးဝင်းမြင့်မှာ ရပ်ကွက်ပိုင်ပလပ်မြေများကို (၂၅ ပေ× ၅၀ ပေ) မြေကွက်များရိုက်ကာ တရားမဝင် ရောင်းချကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားလာကြောင်း ထုတ်ပြန်ထားသည်။

မြေကွက်ဖော်ရာတွင် ရပ်ကွက်နေပြည်သူများက ကန့်ကွက်ပြီး သက်ဆိုင်ရာသို့ တင်ပြမှုကြောင့် တားမြစ်ခံရကာ မြေကွက်ဝယ်ယူထားသူများထံမှ ရယူထားသည့် ငွေကြေးများကိုလည်း ပြန်မပေးဘဲ လိမ်လည်လှည့်ဖျားနေကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားလာခြင်း ဖြစ်သည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် ဖွဲ့စည်းစစ်ဆေးခဲ့ ရာ ထောက်ကြန့်တိုးချဲ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်သည် ရန်ကုန်မြို့တော်စည်ပိုင်သာယာရေး ကော်မတီမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် ပလပ်မြေများကို ၎င်း၏သဘောဆန္ဒအလျောက် ဖော်ထုတ်ရောင်းချပြီး ငွေကျပ်သိန်း ၃၀၀ ခန့်ယူဆောင်၍ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့သွားရောက်ကာ မြေကွက်များ အမြန်ရရှိ ရေး ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ဦးဝင်းမြင့်အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရ အရေးယူပေးပါရန် ကော်မရှင်မှ စစ်ဆေးရေးမှူး ဦးမောင်မောင်တင်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ် ထောက်ကြန့် ရဲစခန်းသို့ ဇူလိုင်လ ၁၂ ရက်နေ့က အမှုဖွင့်တိုင်တန်းခဲ့ရာ ရဲစခန်းက ပထမ သတင်းပေး တိုင်တန်းချက်အမှတ် ၇၄၁/၂၀၁၈ ဖြင့် လက်ခံဖွင့်လှစ်ပေးခဲ့သဖြင့် သက်ဆိုင်ရာတရားရုံးသို့ တရားစွဲတင်ပို့နိုင်ရေး အတွက်ဆောင်ရွက်နေကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly