အစ္စရေးတွင် နှလုံးခွဲစိတ်မှုခံယူခဲ့သောကလေးငယ် ကျန်းမာစွာ ပြန်လည်ရောက်ရှိ

အစ္စရေးတွင် နှလုံးခွဲစိတ်မှုခံယူခဲ့သောကလေးငယ် ကျန်းမာစွာ ပြန်လည်ရောက်ရှိ

ရန်ကုန် ဇူလိုင် ၁၂ ။              ။ အစ္စရေးသံရုံး၏ အကူအညီဖြင့် ပထမဆုံးအခမဲ့ ခွဲစိတ်ကုသမှုခံယူခွင့်ရခဲ့သူ အသက် ၅ နှစ်အရွယ် သမီးငယ် ဟန်နာဆိုင်းအိန်သည် ခွဲစိတ်ကုသမှုအောင်မြင်ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

သမီးငယ် ဟန်နာသည် ဧပြီလ ၁၅ ရက်နေ့က အစ္စရေးနိုင်ငံ၊ ဟိုလွန်မြို့ရှိ Wolfson ဆေးရုံကြီးတွင် ၃ လနီးပါး နှလုံးခွဲစိတ်ကုသမှုခံယူခဲ့ပြီး ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့က ရန်ကုန်မြို့၊ လေးထောင့်ကန်ရပ်ကွက်ရှိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

" အခုဆိုရင် သူလမ်းလျှောက်နိုင်နေပြီ။ အရမ်းတော့ မမြန်သေးဘူးပေါ့နော်။ ကစားကွင်းတွေ ဘာတွေ သွားနေပြီ။ ကျန်းမာရေးက အများကြီး တိုးတက်လာပြီ။ သူ့လျှာတွေ၊ နှုတ်ခမ်းတွေ မပြာတော့ဘူး။ အရင်က ရေနည်းနည်းချိုးလိုက်တာနဲ့ ပြာတက်လာတာ" ဟု ဟန်နာဆိုင်းအိန်၏ မိခင် ဒေါ်မူ့မေရီက မဇ္ဈိမသို့ ပြောသည်။

အစ္စရေးနိုင်ငံခရီးစဉ်တွင် မိခင်ဖြစ်သူ လိုက်ပါသွားခဲ့ပြီး မေလ ၁၅ ရက်နေ့က ခေတ်မီကုသရေးကိရိယာများဖြင့် အာင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ခွဲစိတ်ပြီးနောက် မေလ ၂၅ ရက်နေ့ကလည်း သမီးလေး ဟန်နာဆိုင်းအိန်၏ ၅ နှစ်ပြည့်မွေးနေ့ပွဲလည်း ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

"ဟိုမှာ လိုအပ်တာအားလုံး သူတို့က အကုန်လုပ် ပေးကြတယ်။ အားလုံးလည်း အဆင်ပြေတယ်။ သမီးလေး လိုပဲ လာရောက်ကုသသူတွေလည်း အများကြီးပဲ" ဟု ဟန်နာဆိုင်းအိန်၏ မိခင် ဒေါ်မူ့မေရီက ပြောသည်။

သမီးငယ်ဟန်နာသည် ငယ်စဉ်ကတည်းက ကျန်းမာရေး ဆိုးရွားခဲ့ပြီး ၁ လ ၁ ခါ ဆေးရုံတက်ခဲ့ရသည့်အပြင် ဆရာဝန်များကလည်း လက်လျှော့ရသည့် အနေအထားထိ ရှိခဲ့သည်။

ထို့ကြောင့် ဖခင်ဖြစ်သူ ဦးလဆန်းက သမီးဖြစ်သူအတွက် အင်တာနက်ပေါ်မှတဆင့် အဖွဲ့အစည်းများကို အကူအညီတောင်းခံခဲ့ရာမှ မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံရုံးနှင့် Save A Child's Heart (SACH) အဖွဲ့တို့ဖြင့် ချိတ်ဆက်မိကာ အကူအညီ ရရှိခဲ့ခြင်း ဖြစ်သည်။

ယင်းကုသခြင်းသည် ပထမအဆင့်အနေဖြင့် ခွဲစိတ်ကုသခြင်းဖြစ်ပြီး ၁ နှစ်ပြည့်သည့်အခါ အဆိုပါအစ္စရေးနိုင်ငံရှိ ဆေးရုံကြီးသို့ နောက်ဆုံးအပြီးသတ် အခမဲ့စစ်ဆေးကုသရဦးမည်ဖြစ်သည်။ လက်ရှိအနေအထားတွင် သမီးငယ်ဟန်နာ၏ ကျန်းမာရေးအနေအထားမှာ အတော်ကောင်းမွန်တိုးတက်နေပြီဖြစ်သည့်အတွက် ကျောင်းပြန်ထားရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဖခင်ဖြစ်သူ ဦးလဆန်းသည် သမီးလေး ကဲ့သို့ အခြားဆင်းရဲချို့တဲ့တဲ့မွေးရာပါနှလုံးရောဂါရှင် ကလေးငယ်များကို ဆေးကုသမှုခံယူနိုင်ရန် အဆက်အသွယ်များ ချိတ်ဆက်အကူအညီပေးနေသည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly