ဝေဖန်မှုများရှိနေသော ခန္တီးမြို့မှ ဗိုလ်ချုပ်ကြေးရုပ်ကို ဇူလိုင်လအတွင်းဖွင့်လှစ်မည်

ဝေဖန်မှုများရှိနေသော ခန္တီးမြို့မှ ဗိုလ်ချုပ်ကြေးရုပ်ကို ဇူလိုင်လအတွင်းဖွင့်လှစ်မည်
ကညွှတ်ကွင်းမြို့ မှ ဗိုလ်ချုပ်ကြေးရုပ်အား တွေ့ရစဉ်။ ဓာတ်ပုံ-Ka Nyut Kwin Page

ရန်ကုန်၊ ဇူလိုင် ၁၂ ။          ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့လယ်နားတွင်စိုက်ထူရန်စီစဉ်ထားသည့် ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ကို ခန္တီးမြို့အခြေစိုက် နာဂအရပ်ဖက်အဖွဲ့များမှ ကန့်ကွက်နေသော်လည်း မူလစီစဉ်ထားသည့်အတိုင်း ဇူလိုင်လထဲ တွင် ဖွင့်ပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်း၊ ဗမာနှင့် နာဂ လူမျိုးအများစုနေထိုင်သည့် ခန္တီးမြို့တွင် ဗိုလ်ချုပ်ကြေးရုပ်ကိုစိုက်ထူရန်မှာ မြိုမိမြို့ဖများနှင့် လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင် ပြုလုပ်ခဲ့ခြင်းဟု ခန္တီးမြို့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးကပြောသည်။

အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်စိုက်ထူရန် စတင်စီစဉ်စဉ်ကတည်းက ခန္တီးမြို့ရှိ ယဉ်ကျေးမှု အဖွဲ့များမှ ခေါင်းဆောင်များကို တိုင်ပင်ပြီး မှပြုလုပ်ခဲ့ခြင်းဟုလည်းသိရသည်။

“ ဖွင့်ပွဲလုပ်ခါနီးမှ ကန့်ကွက်တယ်ဆိုတော့ အထူးတော့ပြောစရာမလိုပါဘူး။ ၇ လပိုင်း ၂၁ ရက်နေ့ကျရင် ဖွင့်ပွဲရှိတာပေါ့နော် “ ဟု ဦးမောင်တေးကပြောသည်။

ခန္တီးမြို့၌ ဗိုလ်ချုပ်ကြေးရုပ်ကိုစိုက်ထူရန်မှာ တိုင်းဒေသကြီးအစိုးရမှစီစဉ်ခဲ့ခြင်းမဟုတ်သလို ပါတီများမှလည်း မဟုတ်ဘူးဟု ၎င်းကဆက်ပြောသည်။

ဗိုလ်ချုပ်ကြေးရုပ်ကိုစိုက်ထူရန်အတွက် ၂၀၁၇ ခုနှစ်ကတည်းက စီစဉ်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှ အကောင်အထည် ဖော်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဗိုလ်ချုပ်ကို နိုင်ငံပြယုဂ်တစ်ခုအဖြစ် လက်ခံသော်လည်း တိုင်းရင်းသားဒေသများတွင်ရှိခဲ့သည့် သမိုင်းဖြစ်စဉ်များ ပျောက်ပျက်မည်ကိုစိုးရိမ်၍ ကန့်ကွက်ခြင်းဟု  နာဂအမျိုးသားရေးရာကောင်စီ က နော်အောင်ဆန်းက ပြောဆိုထားသည်။

ဗိုလ်ချုပ်ကြေးရုပ်ကို ရန်ကုန်မြို့၌ သွန်းလုပ်ခဲ့ပြီး ဇူလိုင်လ ၅ ရက်နေ့တွင် ခန္တီးမြို့သို့ ရောက်ရှိနေပြီဖြစ်သည်။

ကယားပြည်နယ် လွိုင်ကော်နှင့် ဒီမောဆိုမြို့များတွင်လည်း ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူခြင်းနှင့် ပတ်သက်၍ ဆန္ဒပြမှုများဖြစ်ပွားခဲ့သကဲ့သို့ တရားစွဲဆိုခံထားရမှုများလည်းရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly