စက်သုံးဆီစျေးနှုန်းကြီးမြင့်မှုကို ထိန်းညှိရန် နိုင်ငံပိုင်စက်သုံးဆီဆိုင်များမှ ဓာတ်ဆီဂါလံ ၃၈၀၀ကျော် ရောင်းချခဲ့

စက်သုံးဆီစျေးနှုန်းကြီးမြင့်မှုကို ထိန်းညှိရန် နိုင်ငံပိုင်စက်သုံးဆီဆိုင်များမှ ဓာတ်ဆီဂါလံ ၃၈၀၀ကျော် ရောင်းချခဲ့

ဇူလိုင် ၁၂။          ။ ပြည်တွင်းစက်သုံးဆီဈေးနှုန်းကြီးမြင့်မှုကို ထိန်းညှိနိုင်ရန် နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင် ၈ဆိုင်က ဇူလိုင်လ ၁မှ ဇူလိုင် ၁၁ရက်အထိ ပြည်တွင်းထုတ် ဓာတ်ဆီဂါလံ ၃၈၀၀ကျော်ကို ရောင်းချပေးခဲ့ ကြောင်း မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းမှ သတင်းရရှိသည်။

နိုင်ငံတကာစက်သုံးဆီ ဈေးနှုန်းများမြင့်တက်ကာ ပြည်တွင်းစက်သုံးဆီဈေးနှုန်းကြီးမြင့်မှုကို ထိန်းညှိ နိုင်ရန်အတွက် နိုင်ငံပိုင်စက်သုံးဆီဆိုင်များမှ မော်တော်ယာဉ်ငယ်နှင့် မော်တော်ဆိုင်ကယ်များ သုံးစွဲရန်ဓာတ်ဆီ များကို ဇူလိုင် ၁ရက် မှစတင်ကာ လက်လီဖြန့်ဖြူးရောင်းချပေးခဲ့ခြင်းဖြစ်သည်။

“ဓာတ်ဆီတစ်ဂါလံကို ၃၈၀၀ကျပ်ဈေးနှုန်းနဲ့ရောင်းချပေးနေတယ်။ ဆိုင်ကယ်များများရှိတဲ့ နေပြည်တော်၊ မန္တလေးမြို့တွေကတော့ ရောင်းအားကောင်းတယ်။ ရန်ကုန်ကတော့ ဌာနဆိုင်ရာ ကားအများစုပဲ သုံးကြတယ်” ဟု မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးမြင့်ဇော် ကပြောသည်။

ဇူလိုင်လ ၁၁ရက်အထိ ပြည်တွင်းထုတ်ဓာတ်ဆီ ၃၈၇၃ဂါလံ ရောင်းချပေးခဲ့ပြီး နေပြည်တော်တွင် ဂါလံ ၂၀၀၀ကျော်၊ မန္တလေးတွင် ဂါလံ ၁၂၀၀၊ ရန်ကုန်တွင် ဂါလံ ၅၀၀ကျော်ရောင်းချပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင်အဖြစ် ရန်ကုန်တိုင်းဒေသကြီးတွင်သုံးဆိုင်၊ မန္တလေးတိုင်း ဒေသကြီးတွင် နှစ်ဆိုင်၊ နေပြည်တော်ကောင်စီ၊ ပဲခူးတိုင်းဒေသကြီးနှင့် တောင်ငူတွင် တစ်ဆိုင်စီ ဖွင့်လှစ်ထားသည်။

လက်ရှိတွင် ရန်ကုန်ဈေးကွက်၌ စက်သုံးဆီဈေးနှုန်းများမှာ ဇူလိုင်လ ၁၂ ရက်နေ့အထိ ဒီဇယ်တစ်လီတာလျှင် ၉၀၀/၉၁၅ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၉၁၅/၉၃၀ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာလျှင် ၈၆၅/၈၉၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၉၁၅/၉၄၀ ကျပ် ပေါက်ဈေး ရှိနေသည်။

စက်သုံးဆီဈေးနှုန်းများတက်လာခြင်းကြောင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ပြီးခဲ့သည့် ဧပြီလက ပြည်တွင်းထုတ် ဓာတ်ဆီ ဂါလန်သုံးသန်းကို ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှတစ်ဆင့် ရောင်းချခဲ့ဖူးကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly