အာဆီယံယူ(၁၉)ချန်ပီယံရှစ်ပြိုင်ပွဲ ထိုင်းကိုနိုင်ပြီး မြန်မာအသင်း ဗိုလ်လုပွဲတက်

အာဆီယံယူ(၁၉)ချန်ပီယံရှစ်ပြိုင်ပွဲ ထိုင်းကိုနိုင်ပြီး မြန်မာအသင်း ဗိုလ်လုပွဲတက်
Photo-MFF

ဇူလိုင် ၁၂။         / အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပနေသော အာဆီယံယူ(၁၉) ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်မှာ မြန်မာယူ (၁၉)အသင်းဟာ ထိုင်းယူ (၁၉)အသင်းကို ၁-၀ ရလဒ်ဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။

အာဆီယံယူ(၁၉)ချန်ပီယံရှစ်ပြိုင်ပွဲမှာ ထိုင်းအသင်းဟာ လက်ရှိချန်ပီယံဖြစ်ပြီး မြန်မာယူ(၁၉) အသင်းအနေဖြင့် လက်ရှိချန်ပီယံကို ဆီမီးဖိုင်နယ်အဆင့်မှာ ၁-၀ ရလဒ်ဖြင့် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ မြန်မာအသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် ၈၆မိနစ်မှာ ဝင်းနိုင်ထွန်းက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

မြန်မာ ယူ(၁၉)အသင်းဟာ ၂၀၀၅ ခုနှစ်နောက်ပိုင်း ၁၃ နှစ်အကြာမှ ယခုလို ဗိုလ်လုပွဲကို ပြန်လည် တက်ရောက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ ဗိုလ်လုပွဲကို ၃ကြိမ်တက်ရောက်ခဲ့ဖူးပြီး ၂ကြိမ်မှာ ချန်ပီယံဖြစ်ခဲ့ပါတယ်။

မြန်မာယူ(၁၉)အသင်းဟာ ယခုနှစ်ပြိုင်ပွဲ အုပ်စုအဆင့်မှာ မလေးရှား၊ ကမ္ဘောဒီးယား၊ အရှေ့တီမော၊ ဘရူနိုင်း အသင်းတို့နဲ့အတူကျရောက်ခဲ့ပြီး အုပ်စုတွင်း(၄)ပွဲမှာ၊ (၂)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၁)ပွဲရှုံး၊ ရမှတ်(၇)မှတ်၊ အုပ်စုဒုတိယဖြင့် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။

" ယနေ့ပွဲမှာ ခံစစ်ပိုင်း အမှားအယွင်းမရှိအောင် ကစားနိုင်ခဲ့ပါတယ်။ အနိုင်ရလဒ် ရရှိအောင် စွမ်းဆောင် ပေးခဲ့တဲ့ ကစားသမားတွေကို ကျေးဇူးတင်ပါတယ်။ ဒီရလဒ်က အသင်းအုပ်ချုပ်သူ နည်းပြ အဖွဲ့ဝင်တွေ နဲ့ ကစားသမားတွေ အားလုံး တက်ညီလက်ညီ ကြိုးစားခဲ့ခြင်းရဲ့ ဆုလာဘ်ပါပဲ။ ဗိုလ်လုပွဲမှာ ဘယ်အသင်းနဲ့ပဲ ကစားရပါစေ။ အကောင်းဆုံး ကြိုးစားသွားမှာဖြစ်ပါတယ်" လို့ နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ပွဲအပြီးတွင် ပြောခဲ့သည်ဟု MFF မှ ထုတ်ပြန်ထားပါတယ်။

မြန်မာယူ (၁၉)အသင်းဟာ ဗိုလ်လုပွဲမှာ မလေးရှားနဲ့ အင်ဒိုနီးရှားတို့ပွဲစဉ်မှ အနိုင်ရရှိတဲ့အသင်းနဲ့ ဇူလိုင် ၁၄ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly