မြဝတီ-ကော့ကရိတ်အာရှလမ်း မြေပြိုနေမှုကို ၂ ရက်အတွင်း အပြီးရှင်းလင်းသွားမည်

မြဝတီ-ကော့ကရိတ်အာရှလမ်း မြေပြိုနေမှုကို ၂ ရက်အတွင်း အပြီးရှင်းလင်းသွားမည်
ဓာတ်ပုံ-သန့်ဇင်အောင်

မြဝတီ၊ ဇူလိုင်လ ၁၂ ။           ။ မြဝတီ-ကော့ကရိတ်အာရှလမ်း မိုင်တိုင် 154Km အနီး နတ်စင်ကွေ့နားမှာ ဖြစ်ပွားခဲ့သော မြေပြိုမှုအား ၂ ရက် အတွင်း ပြီးစီးအောင် အမြန်ဆုံး ရှင်းလင်းသွားမည်ဟု မြဝတီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောသည်။

ထပ်မံပြီး မြေပြိုကျမှုများ မရှိတော့ပါက မြေပြိုမှုရှင်းလင်းမှုလုပ်ငန်းများကို  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“မြေပြိုကျမှုတွေ မရှိရင်တော့ ၂ ရက်အတွင်း ပြီးသွားမှာပါ။ နေ့လည် ၁၁ နာရီကျော်လောက်က ရောက်သေးတယ်။ ထပ်ပြီး မြေပြိုကျမှုတွေတော့ မရှိတော့ဘူး”ဟု ဦးသန့်ဇင်အောင်က ဇူလိုင်လ ၁၂ ရက်တွင် ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့ နံနက်ပိုင်းက စတင်မြေပြိုကျမှုတွေဖြစ်ခဲ့ပြီး ၁၀ ရက်နေ့ညနှင့် ၁၁ ရက်နေ့များ တွင်လည်း မြေပြိုကျမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မြဝတီ-ကော့ကရိတ်အာရှလမ်းပိုင်းမှာ မြေပြိုမှုကြောင့် ကားလမ်းပိတ်ဆို့မှုများ ဖြစ်ပွားနေပြီး လက်ရှိတွင် ကရင်ပြည်နယ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ ဦးဆောင်ပြီး စက်ယန္တရားများဖြင့် အမြန်ဆုံး မြေပြိုကျသည့် မြေစာများကို ရှင်းလင်းဖယ်ရှားနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly