ထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှု ရှိ၊ မရှိ လူ့အခွင့်အရေးကော်မရှင် စစ်ဆေးနေ

ထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှု ရှိ၊ မရှိ လူ့အခွင့်အရေးကော်မရှင် စစ်ဆေးနေ
ဓာတ်ပုံ - ပြည်ဖြိုးကျော်

 

ရန်ကုန်၊ ဇူလိုင် ၁၂ ။                          ။ မြန်မာနိုင်ငံရှိထောင်များအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများရှိ၊ မရှိ ကို မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်မှ လိုက်လံစစ်ဆေးနေကြောင်း   ကော်မရှင်တာဝန်ရှိသူများက ပြောသည်။

ယနေ့ ဇူလိုင် ၁၂ ရက်တွင် မန္တလေးမြို့ရှိ ဗဟိုအကျဉ်းထောင်သို့ သွားရောက်စစ်ဆေးနေကြောင်း ကော်မရှင်မှ တာဝန်ရှိသူ ဦးယုယွင်အောင်ကပြောသည်။

“ အခုမန္တလေးထောင်မှာပဲ ။ ကျွန်တော့ကို တွေ့ချင်တဲ့အကျဉ်းသားက ၁၁၀ လောက် ရှိတယ်။ တွေ့ပြီးတော့ သူတို့ အခက်အခဲတွေ မေးမြန်းနေတုန်းပဲ ရှိသေးတယ်။ အဲ့တော့ ပြောဖို့က   တော်တော်ကြီးကို စောနေတာပေါ့နော် “ ဟု ၎င်းက ဆိုသည်။

ဇူလိုင်လ ၉ ရက်နေ့ ပထမနေ့တွင် ပခုက္ကူထောင်သို့ သွားရောက်စစ်ဆေးခဲ့ပြီး ၁၀ရက်နေ့တွင် အိုးဘိုထောင် ၁နှင့် ၂၊ အမျိုးသားကျောက်ထုတ်စခန်းနှင့် အမျိုးသမီးကျောက်ထုတ်စခန်း၊ ဇူလိုင် ၁၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်းရှိ ဘဲလင်းအကျဉ်းစခန်း (၁)၊(၂)တို့နှင့် ရဲစခန်းအချုပ်ခန်းများကိုလည်းကောင်း စစ်ဆေးခဲ့သည်။

တွေ့ရှိချက်များနှင့် ပက်သက်၍ မဇ္ဈိမမှဆက်သွယ်မေးမြန်းရာ လက်ရှိ မန္တလေးအကျဉ်းထောင်တွင် စစ်ဆေးနေပြီး ဇူလိုင် ၁၃ ရက်နေ့အထိ အကျဉ်းသားများကိုဆက်လက် တွေ့ဆုံကာ ၎င်းတို့၏ အခက်အခဲများ ကို မေးမြန်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ပခုက္ကူထောင်တွင်လည်း အကျဉ်းသား အနည်းဆုံး ၁၀ ယောက်ထက်မနည်းဖြင့်တွေ့ဆုံခဲ့သေးပြီး စစ်ဆေးမှု အားလုံးပြီးမှသာ တွေ့ရှိချက်များကို တိတိကျကျပြောနိုင်မည်ဟုလည်း ဦးယုလွင်အောင်က ပြောသည်။

ထို့အပြင် အကျဉ်းဦးစီးဌာန ဝန်ထမ်းများကို တွေ့ဆုံ၍ လုပ်ငန်း အခက် အခဲများ ရှိ ၊ မရှိ မေးမြန်းပြီး အကျဉ်းသား အကျဉ်းသူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ မပြုလုပ်မိစေရေး အကြံပြုခဲ့ကြောင်းလည်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly