စံချိန်တင် ကန်ဒေါ်လာစျေးနှုန်းမြင့်မှုကြောင့် သွင်းကုန်သာမက ပို့ကုန်လုပ်ငန်းများပါ အခက်ကြံုနိုင်

စံချိန်တင် ကန်ဒေါ်လာစျေးနှုန်းမြင့်မှုကြောင့် သွင်းကုန်သာမက ပို့ကုန်လုပ်ငန်းများပါ အခက်ကြံုနိုင်
ဓာတ်ပုံ - AFP

ဇူလိုင် ၁၂။         ။ မြန်မာနိုင်ငံ၏ စီးပွားရေးဈေးကွက်တွင် စံချိန်တင် အမေရိကန်ဒေါ်လာဈေးနှုန်းများ မြင့်တက်လာမှုကြောင့် သွင်းကုန်သာမက ပို့ကုန်လုပ်ငန်းများပါ အခက်ကြုံနိုင်ကြောင်း ကုန်သည် စက်မှုအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

“လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်အတွင်းမှာ ပြောင်းလဲတဲ့အပြောင်းအလဲနဲ့ ဒီနှစ်အတွင်း၊ ဒီရက်ပိုင်းအတွင်းမှာ ပြောင်း လဲတဲ့အပြောင်းအလဲ။  ဒီအပြောင်းအလဲတွေရဲ့သက်ရောက်မှု၊ ဒီလိုအပြောင်းအလဲတွေ များနေရင် နေ့စဉ် စီးပွားရေးလုပ်နေတဲ့ ပို့ကုန်လုပ်ငန်းရှင်တွေ၊ သွင်းကုန်လုပ်ငန်းရှင်တွေ အခက်အခဲဖြစ်တတ်တယ်” ဟု ဦးရဲမင်းအောင်က ပြောသည်။

အမေရိကန်ဒေါ်လာဈေးသည် ဇူလိုင်လ ၂ရက်တွင် ၁၃၉၉ ကျပ် ပေါက်ဈေးရှိခဲ့သော်လည်း ဇူလိုင် ၁၂ ရက်တွင် ၁၄၀၆ကျပ် အထိ မြင့်တက်လာပြီး အများဆုံး ၁၄၀၅ကျပ် အထိသာ အများဆုံး ဖြစ်ခဲ့သည်။

 "ပို့ကုန်လုပ်ငန်းရှင်တွေကတော့ ပျော်မှာပဲပေါ့။ ဒါပေမယ့် ပျော်စရာအကြောင်းတော့မရှိဘူး။ Production Cost ဆိုတာ ရှိတယ်။ ငါးမွေးမယ်ဆိုရင် အစာဈေးတွေ အရမ်းကြီးတဲ့အတွက်ကြောင့် နိုင်ငံတကာဈေးထက် ကိုယ်က ကြီးသွားပြီ။ အဲလိုမျိုးဆိုတော့ ကိုယ့်စီက ထုတ်မယ်ဆိုရင် ဈေးမကိုက်တော့ဘူးပေါ့။ Impact ကတော့ အရမ်းကြီးတယ်။ ဒါကြောင့် Export များများ ဘယ်လိုထုတ်ကြမလဲဆိုတာကို အရေးတကြီးကိစ္စတစ်ခုအနေနဲ့ တော့ လုပ်သင့်ပြီလို့ ပြောချင်ပါတယ်" ဟု ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ တိုးနန္ဒာတင် ကပြောသည်။

လက်ရှိအချိန် မြန်မာမှ နိုင်ငံခြား ပို့ကုန်များမှာ ဆန်စပါး၊ ငါး၊ ပဲ အပါအဝင် ပို့ကုန်များ ရှိနေသော်လည်း အခြေခံ လိုအပ်ချက်များမှာ ပြည်ပမှ အများဆုံး တင်သွင်းနေရသည်။

ထို့ကြောင့် ပြည်တွင်းရှိ စီးပွားရေဈေးကွက်တွင် ပြည်ပသွင်းကုန်များ အဝင်များနေသော်လည်း ပို့ကုန်လုပ်ငန်း များမှာပါ ထိခိုက်မှုရှိလာနိုင်ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် တတ်နိုင်သမျှ ပို့ကုန်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် အစိုးရအနေဖြင့် ထိထိရောက် ရောက် ကူညီဆောင်ရွက်ပေးရန်လိုအပ်ပြီး ကန်ဒေါ်လာဈေးနှုန်းမြင့်တက်သောကြောင့်   ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းများအပေါ် ရိုက်ခတ်မှုအချို့ ရှိနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်နေကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly