မြောင်းမြကိုယ်စားလှယ်များကို လူမှုကွန်ရက်တွင် ဝေဖန်သူအား ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံရ

မြောင်းမြကိုယ်စားလှယ်များကို လူမှုကွန်ရက်တွင် ဝေဖန်သူအား ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံရ
လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့သည့်ဓာတ်ပုံတစ်ပုံအား တွေ့ရစဉ်။

ပုသိမ်၊ ဇူလိုင် ၁၂ ။          ။ မြောင်းမြမြို့နယ် ကိုယ်စားလှယ်များက နယ်မြေသွားရောက်တွေ့ဆုံသည့်ပုံနှင့်စာအား လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဝေဖန်ရေးသားခဲ့သူအား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် မြောင်းမြမြို့မရဲစခန်းတွင် အမှုဖွင့်ခံရကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ လူမှုကွန်ရက် စာမျက်နှာတွင်Kaung Htet Linn အကောင့်ဖြင့် " ကျောင်းသား/သူ တွေက အခုထိ အသုံးချခံနေရပဲလား၊ခေတ်အဆက်ဆက် လူကြီးတွေလာတိုင်း လက်လေးပိုက်ပြီး ဦးခိုက်နေရတုန်းပဲလား။ ပြောင်းလဲချင်လား၊ မပြောင်းလဲချင်လား။ ကိုယ် မျက်နှာလိုအားရလုပ်ချင်တာနဲ့ ကလေးတွေပြီး စာသင်ချိန် တွေကို လုပ်ချင်တိုင်း လုပ်လို့ရသတဲ့လား” ဆိုသော စာသားများအပါအဝင် မည်သူမည်ဝါ ဖော်ပြထားခြင်းမရှိဘဲ စတစ်ကာကပ်ထားသော ဓာတ်ပုံ ၃ ပုံအား ၎င်း စာမျက်နှာတွင် တင်ခဲ့ခြင်းကြောင်း အမှုဖွင့်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ကိုယ်စားလှယ်များမှာ မြောင်းမြမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦး၊ မန်းထွန်းကြိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တို့ ဖြစ်ပြီး ဇူလိုင်လ ၁၀ ရက်က မြောင်းမြမြို့နယ်၊ ငါးမြင်းချောင်းကျေးရွာအုပ်စု၊ ကွင်းကလေးကျေးရွာသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါပုံများကို တိုင်ကြားသူက  Sat Ka အကောင့်အမည်ဖြင့် တင်ထားခဲ့ရာမှ ယင်းသို့ရေးသားခံရသည့်အပေါ် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

အမှုဖွင့်ခံရသည့် ကိုကောင်းထက်ဇင်က "ပြည်သူတစ်ယောက် ခံစားချက်ကိုရေးတယ်။ ခေတ်အဆက်ဆက် စနစ်ဆိုးတွေက ရုန်းထွက်ချင်လို့ ပခုံးတင်ပေးခဲ့တယ်၊ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ တိုက်ခိုက်တာမျိုး မဟုတ်ဘူး။ စနစ်ကို ပြောချင်တာ။ ပြောင်းစေချင်လို့ အမှုဖွင့်ခံရတာအပေါ်မှာ စိတ်သန့်ပါတယ်။ ကျွန်တော် မှားတာ တစ်ခုမှ မလုပ်ထားပါဘူး”ဟု မဇ္ဈိမသို့ ပြောသည်။

မြောင်းမြမြို့မရဲစခန်းတွင် ပုဒ်မ၆၆(ဃ) ဖြင့် အမှုဖွင့်ထားသူ ဦးပြူး (ခ)ဦးပြုံးအား အမှုဖွင့်ထားခြင်းနှင့် ပတ်သက်ပြီး မဇ္ဈိမက ဖုန်းဖြင့် အကြိမ်ကြိမ်ခေါ်ယူသော်လည်း ဖုန်းအား လက်ခံည်ဖြေဆိုခြင်း မပြုခဲ့ပါ။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် မြောင်းမြမြို့မရဲစခန်းတွင် ပနံပတ် ၁၀၂၀/၂၀၁၈ဖြင့် ဦးပြူးက လာရောက်တိုင်ကြားခြင်းဖြစ်ကြောင်း မြောင်းမြမြို့မရဲစခန်းမှ သိရှိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly