YBS ၂၁ ယာဉ်လိုင်း ငွေစာရင်းအလွဲသုံးသည်ဟု ယူဆပါက တရားစွဲနိုင်ဟု ဆို

YBS ၂၁ ယာဉ်လိုင်း ငွေစာရင်းအလွဲသုံးသည်ဟု ယူဆပါက တရားစွဲနိုင်ဟု ဆို
Power Eleven ကုမ္ပဏီလက်အောက်တွင် ပြေးဆွဲနေသော YBS ၂၁ ယဉ်လိုင်းအား တွေ့ရစဉ်။

 

ရန်ကုန်၊ ဇူလိုင် ၁၂ ။          ။ ငွေစာရင်းအလွဲသုံးစားပြုလုပ်သည်ဟုယူဆလျှင် ဥပဒေအရ တရားစွဲဆိုနိုင်ကြောင်း YBS ၂၁ ကို တာဝန်ယူပြေးဆွဲနေသည့် ပါဝါအလဲဗင်းကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ကိုတရုတ်လေးက ပြောသည်။

အမြတ်ငွေ ရရှိမှုနည်းပါးသည်ဆိုကာ YBS ၂၁ ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင်အချို့ တိုင်းလွှတ်တော်ကော်မတီသို့ တိုင်ကြားထားသည့်အပေါ် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"ငွေစာရင်းကိစ္စကို အလွဲသုံးစားလုပ်တယ်လို့ ထင်လို့ရှိရင် ဥပဒေကြောင်းအရ ဆောင်ရွက်လို့ ရပါတယ်။ Personal Attack လုပ်မယ်ဆိုရင်တော့ ပုဂ္ဂိုလ်ရေးအရဆိုရင်တော့ Debate လုပ်မှာ ပေါ့နော်။ Debate လုပ်မယ်ဆိုပြီး ကျွန်တော် ဖိတ်ထားတာရှိပါတယ်။ သူတို့တက်လာမယ်ဆိုရင်တော့ ကျွန်တော်တို့ အဲဒီဆွေးနွေးပွဲကို လုပ်ပါမယ်။ တက်မလာဘူးဆိုရင်တော့ မလုပ်ပါဘူးခင်ဗျ" ဟု ပါဝါအလဲဗင်းကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ကိုတရုတ်လေးက ပြောဆိုသည်။

လက်ရှိတွင် ဧပြီလအထိ တစ်လလျှင် ကျပ် ၁၇၀၀၀၀ ခန့်သာရရှိပြီး အမြတ်များချိန်တွင် တစ်လလျှင် ကျပ် ၁၀ သိန်း ခန့်ရရှိခဲ့ခြင်း ဖြစ်သည်ဟု ပါဝါအလဲဗင်းကုမ္ပဏီဘက်မှ သိရသည်။

YBS ၂၁ ယာဉ်လိုင်းကို ပါဝါအလဲဗင်းကုမ္ပဏီ နှင့် ခေတ်သစ်ဘုရင့်နောင်ကုမ္ပဏီ တို့မှ ပြေးဆွဲနေပြီး ပါဝါအလဲဗင်းမှ YBS ၄၁ ၊ ၂၂ တို့ကိုပါ ပြေးဆွဲနေသည်။

၂၁ ယာဉ်လိုင်းအတွင်းမှ ယာဉ်ပိုင်ရှင် ၆ ဦးဘက်က ယာဉ်လိုင်းအတွင်း ထည့်သွင်းပေးထားသည့် မော်တော်ယာဉ်များမှ ဝင်ငွေနည်းပါးလာမှု၊ ငွေစာရင်းရှင်းတမ်းများ ပွင့်လင်းမြင်သာစွာ လုပ်မပေးမှု၊ လိုင်းတူ ကုမ္ပဏီဖြစ်သည့် ခေတ်သစ်ဘုရင့်နောင်ကုမ္ပဏီသို့ ပြောင်းရွေ့ရန် မဆောင်ရွက်ပေးမှု စသည့်အချက် ၃ ချက်ဖြင့် လွှတ်တော်ရေးရာကော်မတီသို့ တိုင်ကြားလာခဲ့သည်ဟု ကော်မတီဝင် ဦးသန်းနိုင်ဦးက ဆိုသည်။

"တိုင်ကြားတဲ့သူတွေကိုတော့ ခေါ်ယူပြီးမေးမြန်းပြီးသွားပြီ။ ပါဝါအလဲဗင်းကုမ္ပဏီကိုတော့ ၁၃ ရက်နေ့မှာတွေ့ဆုံဖို့ လွှတ်တော်ဥက္ကဋ္ဌကြီးကိုခွင့်တောင်းထားတယ်။ ခွင့်တောင်းပြီးတော့ ၁၃ ရက်နေ့ တွေ့ရမယ်ဆိုရင် ပါဝါအလဲဗင်းကုမ္ပဏီကိုလည်းမေးမယ်။ ပြီးရင်တော့နှစ်ခုလုံးကိုစိစစ်ပြီးတော့ လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့အစိုးရအဖွဲ့ကိုတင်ပြပေးမှာပါ" ဟု ရန်ကုန်တိုင်းဒေသကြီး ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုလက်မှုရေးရာကော်မတီဝင် ဦးသန်းနိုင်ဦးက ပြောသည်။

ယာဉ်ပိုင်ရှင် ၆ ဦးမှာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့(YRTA) သို့ တိုင်ကြားထားသော်လည်း ခုံရုံးဖွဲ့စစ်ဆေးနေသည်မှာ ရက်ပေါင်း ၄၀ ကျော် ကြာခဲ့သဖြင့် လွှတ်တော်ရေးရာ ကော်မတီသို့ ထပ်မံတိုင်ကြားခဲ့ခြင်းဖြစ်သည်။

လွှတ်တော်ရေးရာကော်မတီသည် ဇူလိုင်လ ၄ ရက်နေ့တွင် တိုင်ကြားသူ ၆ ဦးကို ကြားနားခဲ့ပြီး ဇူလိုင်လ ၁၃ ရက်နေ့တွင် ပါဝင်အလဲဗင်းကုမ္ပဏီကို ကြားနာသွားမည်ဖြစ်သည်။

လာမည့် ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်၌ ဆိုရှယ်မီဒီယာပေါ်တွင် ပြောဆိုနေသူများ အပါအဝင် ဆွေးနွေးလိုသူများအနေဖြင့် လာရောက်၍ Debate လုပ်နိုင်ရန် ဖိတ်ခေါ်ထားပြီး တိုင်ကြားထားသည့် အချက် ၁ ချက် ဖြစ်သော ခေတ်သစ်ဘုရင့်နောင်ကုမ္ပဏီ၏ ၂၁ ယာဉ်လိုင်းသို့ ပြောင်းရန် ကိစ္စကို  ယာဉ် ၃၅ စီး တောင်းဆိုထား၍ YRTA သို့ စာတင်ပေးထားသည်ဟု ကိုတရုတ်လေးက ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly