ကြားဖြတ်ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ ၁၀ နေရာ ၀င်ပြိုင်မည်

ကြားဖြတ်ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ ၁၀ နေရာ ၀င်ပြိုင်မည်

 

ရန်ကုန်၊ ဇူလိုင် ၁၂ ။          ။ လာမည့် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာရှိသည့်အနက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (USDP) မှ မဲဆန္ဒနယ် ၁၀ ခုတွင် ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်းသိရသည်။

ယခုတစ်ကြိမ်မှာ အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက် ဒုတိယအကြိမ် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲလည်း ဖြစ်သည်။

ဝင်ရောက်ယှဉ်ပြိုင်မည့်နေရာများမှာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ အမျိုးသားလွှတ်တော် ၁ နေရာ၊ ပြည်သူ့လွှတ်တော် ၃နေရာ၊ တိုင်းဒေသကြီးလွှတ်တော် ၅နေရာနှင့် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးတစ်နေရာတို့ ဖြစ်သည်။

ကိုယ်စားလှယ်လောင်းများကိုမူ ပါတီဗဟိုက တိုက်ရိုက်ရွေးချယ်မည်မဟုတ်ဘဲ ဒေသခံပါတီခေါင်းဆောင်များနှင့် သက်ဆိုင်ရာဒေသမှ ရပ်မိရပ်ဖများက ရွေးချယ်ပေးသူကိုသာ အတည်ပြုသွားမည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာနန္ဒလှမြင့်က ပြောဆိုထားသည်။

ကြားဖြတ်ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပသွားမည် ဖြစ်ပြီး လစ်လပ်မဲဆန္ဒနယ်များမှာ ပြည်သူ့လွှတ်တော်အတွက် ၄ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၁ နေရာ၊ တိုင်းနှင့်ပြည်နယ်လွှတ်တော်များအတွက် ၈ နေရာ၊ စုစုပေါင်း ၁၃ နေရာ ဖြစ်သည်။

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကမူ လစ်လစ်မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဟု ပါတီ၏ ပြောရေးဆို ခွင့်ရှိသူများက ထုတ်ဖော်ပြောဆိုထားသည်။

NLD အစိုးရသက်တမ်းကာလအတွင်း ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ပထမအကြိမ် ကြားဖြတ် ရွေးကောက်ပွဲကျင်းပခဲ့ပြီး နိုင်ငံရေးပါတီ ၂၄ ခုနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် စုစုပေါင်း ၉၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly