မြန်မာအသင်း ဝတ်စုံအတွက် FBT မှ စိတ်ကြိုက် ဒီဇိုင်းအသစ်ပြုလုပ်ပေးမည်

မြန်မာအသင်း ဝတ်စုံအတွက် FBT မှ စိတ်ကြိုက် ဒီဇိုင်းအသစ်ပြုလုပ်ပေးမည်
ယူအေအီးအသင်းနှင့် နိုင်ငံတကာခြေစမ်းပွဲတွင် FBT ဝတ်စုံအား မြန်မာအသင်း ဝတ်ဆင်ထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ-MFF

ရန်ကုန်၊ စက်တင်ဘာ ၂ ။      ။ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းများ ဝတ်စုံစပွန်ဆာအဖြစ် စာချုပ်ချုပ်ဆိုရန် သဘော တူညီထားသည့် ထိုင်းနိုင်ငံအခြေစိုက် FBT ကုမ္ပဏီအနေဖြင့် မြန်မာအသင်း အတွက် စိတ်ကြိုက်ဝတ်စုံ ဒီဇိုင်းအသစ် ပြုလုပ်ပေးမည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဈေးကွက်ရှာဖွေရေး တာဝန်ခံ ဦးဆူး အောင်က ပြောသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် Lotto ကုမ္ပဏီနှင့် စာချုပ်ပြည့်ပြီးနောက် စပိန် နိုင်ငံ အခြေစိုက် Joma နှင့် ဆွေးနွေးခဲ့သော်လည်း အဖွဲ့ချုပ်မှ တောင်းဆိုမှုများကို လိုက်လျောနိုင်ခြင်း မရှိသည့်အတွက် လက်ရှိအချိန်ထိ စပွန်ဆာအသစ် မရရှိသေးပေ။

“ စပိန်နိုင်ငံ Joma နဲ့ ဆွေးနွေးခဲ့ပေမယ့် အဖွဲ့ချုပ်အနေနဲ့ တောင်းဆိုမှုတွေကို မလိုက်လျောနိုင် လို့ စာချုပ်မချုပ် ဖြစ်ခဲ့တာပါ။ FBT နဲ့ကတော့ စာချုပ်သစ် ချုပ်ဖြစ်ဖို့ များပါတယ်။ ဒီတစ်ပတ်၊ နှစ်ပတ် အတွင်း အတိအကျ သိရမှာပါ။ စာချုပ်တန်ကြေးနဲ့ ပုံစံကိုတော့ ချုပ်ဖြစ်ပြီးရင် တရားဝင် သတင်းထုတ် ပြန်သွားမှာပါ။ ဂျာစီကတော့ လက်ရှိကစားနေတဲ့ ဂျာစီက အတည်မဟုတ်သေးပါဘူး။ ဂျာစီအသားနဲ့ ဒီဇိုင်းကို စိတ်ကြိုက်ရွေးပြီး ပို့ပေးမှာပါ။ သူတို့က ကျွန်တော်တို့ တောင်းဆိုချက်ကို တော်တော်များများ လိုက်လျောပေးပါတယ်” ဟု ဦးဆူးအောင်က လက်ရွေးစင်အသင်း ဝတ်စုံစပွန်ဆာကိစ္စနှင့် ပတ်သက်၍ပြော သည်။

ထိုင်းနိုင်ငံအခြေစိုက် FBT ကုမ္ပဏီသည် နိုင်ငံလက်ရွေးစင် ဘောလုံးအသင်းများအဖြစ် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ လာအို၊ သီရိလင်္ကာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ၁၉၉၄၊၂၀၀၇၊ ၂၀၀၈ တွင်မြန်မာ့ လက်ရွေးစင်အသင်းကို ဝတ်စုံစပွန်ဆာ ပေးခဲ့ဖူးသည့်အပြင် လက်ရှိတွင်လည်း မြန်မာနေရှင် နယ်လိဂ် ကလပ်အသင်းများဖြစ်သည့် ကမ္ဘောဇ၊ ဧရာဝတီ၊ ရတနာပုံ စသည့် အသင်းများကို စပွန် ဆာပေးထားလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly