နိုင်ငံရေးပါတီများအစုအဖွဲ့၏ ထုတ်ပြန်ချက်အပေါ် ANP တုံ့ပြန်

နိုင်ငံရေးပါတီများအစုအဖွဲ့၏ ထုတ်ပြန်ချက်အပေါ် ANP တုံ့ပြန်

 

နေပြည်တော်၊ ဇူလိုင် ၁၂ ။        ။ ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ်အစည်းအဝေးတွင် ရခိုင်အမျိုးသားပါတီ၏  အဖွင့်အမှာစကားနှင့် ပတ်သက်၍ ဝေဖန်မှုများ   ဖြစ်ပေါ်လာရခြင်းသည်   ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ - UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အားနည်းချက်သာ ဖြစ်ကြောင်း ANP က တုံ့ပြန်လိုက်သည်။

" အစုအဖွဲ့ ကိုယ်စားမဟုတ်ပါဘူး။ ကိုယ့်မူဝါဒပဲ ပြောသွားတယ်လို့ ဝေဖန်စွပ်စွဲရင် UPDJC က ဒါကို  ကြိုတင်မလုပ်ခဲ့ဘူးလား။ မညှိနှိုင်းခဲ့ဘူးလား။ စာတမ်းကိုကြိုပြီးတော့ မပြုစုခဲ့ဘူးလား။ တခြားပါတီရဲ့ သဘောတူညီချက်ကို ရလို့ ဒီခေါင်းစဉ်ကို တင်ပေးတာလား။ ဒီအာဂျန်ဒါကို မေးခွန်းထုတ်စရာဖြစ်တယ်။ အဲဒီနှစ်ချက် လွဲနေတဲ့အတွက်ကြောင့် ဒါ အကုန်လုံး နားလည်မှုလွဲသွားတယ်။ အဓိကတော့ UPDJC ရဲ့ အားနည်းချက်တစ်ခုဖြစ်တယ်။" ဟု ရခိုင်အမျိုးသားပါတီမှ မြေပုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဆိုသည်။

ဇူလိုင် ၁၁ ရက်နေ့က နေပြည်တော်မှာ စတင် ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ အစည်းအဝေးတွင် ANP ဒုဥက္ကဌ ဖတ်ကြားသည့် နိုင်ငံရေးအစုအဖွဲ့များ ကိုယ်စားပြုမိန့်ခွန်းသည် နိုင်ငံရေးပါတီများကို ကိုယ်စားမပြုကြောင်းနှင့် ANP ၏ သဘောထားသာ ဖြစ်ကြောင်း UPDJC က ကြေညာချက် ထုတ်ပြန်ခဲ့မှုအပေါ် ယခုလို တုံ့ပြန်ပြောဆိုလာခြင်းလည်း ဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ယနေ့ ဇူလိုင် ၁၂ ရက်နေ့တွင် ထုတ်ဝေသည့် ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ်အစည်းအဝေး သတင်းလွှာတွင်လည်း UPDJC ၏ ကြေညာချက်ကို ထည့်သွင်းဖော်ပြခဲ့ပြီး ANP မှ တင်သွင်းဖတ်ကြားခဲ့မှုများအပေါ် ဖယ်ချန်ခဲ့ခြင်းမှာလည်း တစ်ဘက်သတ် ဆန်နေသည်ဟု ဆိုသည်။

" သတင်းလွှာမှာကျလာတော့ ဒီစတိတ်မန့်ကြီးပါလာပြီး ဒီစတိတ်မန့်ရဲ့ ရှေ့က အကြောင်းခံဖြစ်တဲ့ အန်တီ မိန့်ခွန်းပြောခဲ့တဲ့ အချက်နဲ့ ပတ်သက်ပြီး ဓာတ်ပုံလေးတစ်ပုံ ဟောပြောချက်တွေတောင် မပါလာတာက တစ်ဘက်သတ်ဆန်တယ်။ မလိုရင် မလိုသလို ဖယ်ထုတ်ထားခဲ့မယ်၊ ချန်ထုတ်ထားခဲ့မယ်၊ ဖုန်းကွယ်ပစ်လိုက်မယ် ဆိုရင်တော့ ဒီနိုင်ငံရေးအခင်းကြီးမှာ လုံးဝမဖြစ်သင့်တဲ့ အနေအထားတစ်ခုပဲ ဖြစ်တယ်လို့ ပြောချင်တယ်။" ရခိုင်အမျိုးသားပါတီ၏ ဒုဥက္ကဌ ဒေါ်အေးနုစိန်က ပြောသည်။

ANP က ဖတ်ကြားသော အဆိုပါ အဖွင့်အမှာစကားတွင် ပြည်နယ်များနှင့် ပြည်မအကြား ဖွံ့ဖြိုးတိုးတက်မှု မညီမျှခြင်း ၊ ဗဟိုချုပ်ကိုင်မှု တင်းကျပ်မှု နှင့် စီမံခန့်ခွဲ့မှု ညံ့ဖျင်းခြင်းတို့ကြောင့် ဗမာနှင့် အခြား တိုင်းရင်းသားများကြားတွင် ယုံကြည်မှုအားနည်းချက်များဖြစ်သည်ဟု ပါရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly