အာဖဂန်နစ္စတန် ပညာရေးဌာန တိုက်ခိုက်ခံရမှု အစိုးရဝန်ထမ်း ၁၁ ဦး သေဆုံး

အာဖဂန်နစ္စတန် ပညာရေးဌာန တိုက်ခိုက်ခံရမှု အစိုးရဝန်ထမ်း ၁၁ ဦး သေဆုံး

ဇူလိုင် ၁၂ ။           ။ အာဖဂန်နစ္စတန် Jalalabad မြို့က မြို့နယ်ပညာရေးဌာနရုံးကို ဇူလိုင် ၁၁ ရက်က စစ်သွေးကြွနှစ်ဦး လာရောက်တိုက်ခိုက်ခဲ့လို့ ရုံးဝန်ထမ်း ၁၁ ဦး သေဆုံးပြီး အခြား ဆယ်ယောက် ထိခိုက်ဒဏ်ရာ ရသွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အဆိုပါ ပညာရေးရုံးကို နှစ်နာရီကြာ ဝင်စီး တိုက်ခိုက်ခဲ့တဲ့ စစ်သွေးကြနှစ်ယောက်ကိုတော့ အာဖဂန် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သုတ်သင်ရှင်းလင်းနိုင်ခဲ့ပါတယ်။

" ခု တိုက်ခိုက်မှု ဖြစ်စဉ်မှာ လူ ၁၁ ယောက် နိုင်ငံအတွက် အသက်စွန့်သွားခဲ့ကြရပါတယ်၊ အားလုံးကတော့ ဒီ မြို့နယ်ပညာရေးရုံးဝန်ထမ်းတွေချည်းပါပဲ" ဆိုပြီး Nangarhar ပြည်နယ်က ပြောရေးဆိုခွင့်ရှိသူ Attaullah Khogyani က ပြောပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေရဲ့ သုတ်သင်ရှင်းလင်းမှုကြောင့် တိုက်ခိုက်သူ စစ်သွေးကြွနှစ်ဦးစလုံး သေဆုံးသွားတယ်လို့လည်း ၎င်းက အတည်ပြုသွားပါတယ်။

အဆိုပါ တိုက်ခိုက်မှုနဲ့ပတ်သက်လို့ မည်သည့်အဖွဲ့အစည်းကမှ တာဝန်ခံ ထုတ်ဖော်ထားခြင်း မရှိသေးပါဘူး။

ယင်းတိုက်ခိုက်မှုကတော့ အဆိုပါ Jalalabad မြို့မှာ တစ်လအတွင်း တတိယမြောက် ပေါ်ပေါက်လာတဲ့ တိုက်ခိုက်မှုတစ်ခုလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly