ကယားတွင် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနှင့်ပတ်သက်ပြီး တရားစွဲခံရသူများ အာမခံ ရရှိ

ကယားတွင် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနှင့်ပတ်သက်ပြီး တရားစွဲခံရသူများ အာမခံ ရရှိ

ရန်ကုန်၊ ဇူလိုင် ၁၂ ။            ။ ကယားပြည်နယ်တွင် ဗိုလ်ချုပ်ကြေးရုပ်ထားရှိရန် ကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲထားရသူ ၁၀ ဦးကို လွိုင်ကော်မြို့နယ်တရားရုံးမှ အာမခံပေးလိုက်ကြောင်း သိရသည်။

ဗိုလ်ချုပ်ကြေးရုပ်ထားရှိရန် ပြည်နယ်အစိုးရ၏ ဆောင်ရွက်နေမှုကို ကန့်ကွက်စာ ဖြန့်ဝေသည့်အပြင် ကရင်နီ ဆိုင်ရာသမိုင်းကြောင်း စာရွက်များ ဖြန့်ဝေသောကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ (ခ) (ဂ) ဖြင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက တရားလိုလုပ်ပြီး တရားစွဲဆိုထားခြင်း ဖြစ်သည်။

“ ကျွန်တော်တို့ ဒီနေ့ အာမခံ ယူထားတဲ့သူတွေက ပြန်လာတယ်။ ဒါပေမယ့် သူတို့ ၁၀ ယောက်စွဲတဲ့အထဲမှာက ၃ ယောက်လောက်က ဘယ်သူမှန်း ကျွန်တော်တို့ကလည်း မသိဘူး။ သူတို့ကလည်း မသိဘူးဖြစ်နေတော့၊ တရားရုံးကတော့ အခုလောလောဆယ်ကတော့ အာမခံယူထားတဲ့သူတွေထဲကလူတွေကို ၂၅ ရက်ပြန်ချိန်း လိုက်တယ်ဗျ”ဟု ဗိုလ်ချုပ်ကြေးရုပ်ကိစ္စတွင် ဦးဆောင်ဆန္ဒပြသူ ခွန်းဘားနဒ်ဘုတ်က ပြောသည်။

တရားစွဲခံထားရသူ ၁၀ ဦးထဲမှ ရုံးချိန်းလာရောက်သူ ၇ ဦးအတွက် စုစုပေါင်း ကျပ်သိန်း ၃၀ ဖြင့် လွိုင်ကော် မြို့နယ်တရားရုံးမှ အာမခံ ပေးလိုက်ခြင်းလည်းဖြစ်သည်။

အလားတူ ဒီမောဆိုးမြို့နယ်တွင်လည်း စာရွက်ဖြန့်ဝေမှုကြောင့် လူငယ် ၄ ဦးကို ပုဒ်မ ၅၀၅ (ခ) ဖြင့် ဒီမောဆိုး မြို့နယ် ရဲစခန်းမှ တရားစွဲဆိုထားပြီး အဆိုပါ ၄ ဦးအနက်မှ ၃ ဦးသည် လွိုင်ကော်မြို့နယ် တရားရုံးအမှုတွင် လည်း ပါဝင်သူများ ဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ထားရှိမည့် ဗိုလ်ချုပ်ကြေးရုပ်တည်ဆောက်နေမှုကို ခေတ္တ ရပ်ဆိုင်းထားပြီး လာမည့် ဇူလိုင် ၃၀ ရက်တွင် လူထုသဘောထားခံယူပွဲလုပ်ပြီးမှသာ ဆက်လက်တည်ဆောက် သွားမည် ဟုလည်း ပြည်နယ်အစိုးရဘက်က ပြောဆိုထားသည်။

ကယားပြည်နယ် လွိုင်ကော်တွင် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကို ထားရှိရန် ပြည်နယ်အစိုးရ ဆောင်ရွက်နေမှုအပေါ် ကယားပြည်နယ် ဒေသခံအချို့နှင့် ကယားလူမှုအဖွဲ့အစည်း ၂၀ ကျော်တို့က ကွန့်ကွက်နေကြခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly