တက်ကြွလှုပ်ရှားသူ တရုတ်ပန်းချီဆရာအိုက်ဝေဝေ မြန်မာ့ဆင်စခန်းတွေဆီ လာလေ့လာ

တက်ကြွလှုပ်ရှားသူ တရုတ်ပန်းချီဆရာအိုက်ဝေဝေ မြန်မာ့ဆင်စခန်းတွေဆီ လာလေ့လာ

ဇူလိုင် ၁၂ ။            ။ အစိုးရနဲ့ သဘောထားကွဲလွဲသူတစ်ဦးဖြစ်တဲ့ တရုတ် ပန်းချီဆရာ အိုက်ဝေေ၀ဟာ လူ့အခွင့်အရေးကနေ အကျင့်ပျက်ခြစားမှုအထိ အကြောင်းအရာတွေကို ပုံဖော်လေ့ရှိတဲ့အတွက် တစ်ခါတစ်ရံ တရုတ်အစိုးရရဲ့ စိတ်ဆိုးဒေါသ ထွက်စရာ ဖြစ်နေသူပါ။

လက်ရှိမှာ ဗြိတိန်မှာ နေထိုင်နေတဲ့ ပန်းချီဆရာအိုက်ဝေေ၀က အခြားအကြောင်းအရာတစ်ခုကို စိတ်ဝင်စား ကိုင်တွယ်ပြန်ပါပြီ။ ဒါကတော့ အရေထူသတ္တဝါ ဆင်ကြီးတွေရဲ့အကြောင်းဖြစ်ပြီး အများစုဟာ မြန်မာနိုင်ငံက အလုပ်နားလိုက်ရတဲ့ သစ်ဆွဲဆင်တွေအကြောင်း အဓိကထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ အိုက်ဝေေ၀ဟာ တိရစ္ဆာန်စောင့်ရှောက်ရေး Four Paws အုပ်စုရဲ့ မစ်ရှင်ကဏ္ဍအဖြစ် မြန်မာနိုင်ငံက ဆင်စခန်းအချို့ကို လာရောက်လည်ပတ်ခဲ့ပါတယ်။ ဗီယင်နာအခြေစိုက် Four Paws ရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ ခိုင်းဆင်ပေါင်း ၅၀၀၀ နီးပါး ရှိရာမှာ ၂၉၀၀ က နိုင်ငံပိုင်ဖြစ်ပြီး အများစုဟာ သစ်လုပ်ငန်းက ပိုင်တယ် ဆိုပါတယ်။ ကျန်တာကတော့ ပုဂ္ဂလိကပိုင်ဆင်တွေ ဖြစ်ပါတယ်။

ဒါပေမယ့် တစ်ချိန်က ဆင်တွေကို အလေးထားခဲ့တဲ့ မြန်မာနိုင်ငံဟာ ခုဆိုရင် ဝေဖန်စရာဖြစ်နေပြီး ကမ္ဘာမှာ ခိုင်းဆင်အများဆုံး နိုင်ငံဖြစ်နေပါပြီလို့ Four Pows က ဆိုပါတယ်။ နှစ်ရာပေါင်းများစွာမှာ ဆင်တွေကို သစ်ဆွဲရမှာ အသုံးချခဲ့ကြတာဖြစ်ပြီး ကိုလိုနီလက်အောက် လွန်မြောက်ချိန် လွတ်လပ်ပြီးနောက် စစ်အုပ်ချုပ်ရေးမှာ သစ်တင်ပို့မှုဟာ နိုင်ငံရဲ့ ဒုတိယအကြီးဆုံး ပို့ကုန်ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ၂၀၁၄ ဧပြီလမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေရဲ့ ဖိအားကြောင့် မြန်မာနိုင်ငံဟာ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် သစ်အကြမ်းထည် တင်ပို့မှုကို တစ်နှစ် ပိတ်လိုက်ပါတယ်။ သစ်ခုတ်လုပ်မှု လျော့ကျပြီး သစ်တောပြုန်းတီးမှုကို လျှော့ချနိုင်မယ် ရည်ရွယ်တယ် ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ အဆိုအရ မြန်မာနိုင်ငံဟာ ၁၉၉၀ ကနေ ၂၀၁၀ အတွင်း သစ်တောဟတ်တာ ၇၄၄၅၀၀၀ သို့ ၁၉ ရာခိုင်နှုန်း ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ခုလို ပိတ်ပင်လိုက်တာဟာ သဘာဝပတ်ဝန်းကျင်အတွက် ကောင်းမွန်ပေမယ့် တစ်ဖက်မှာ အလုပ်နားသွားရတဲ့ ဆင်ကောင်ရေ ၁၀၀၀ နီးပါး ရှိသွားစေပါတယ်။ ဒီ အလုပ်နား ခိုင်းဆင်တွေရဲ့ အများစုဟာ စွန့်ပစ်ခံရတယ်၊ အသတ်ခံရတယ်၊ ပြီးတော့ ခရီးသွားလုပ်ငန်းမှာ အမြတ်ထုတ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေဆီ မှောင်ခိုတင်ပို့ခံရတယ်လို့ Four Paws က ဆိုပါတယ်။

“ဒါကို မြင်ရတာ ကျွန်တော် စိတ်မကောင်းဘူး။ ဆင်တွေဟာ လူတွေနဲ့ တော်တော် တူကြတာ။ အသိဉာဏ်ရှိပြီး ခံစားတတ်တဲ့ သတ္တဝါတွေပါ ”လို့ Four Paws က ထုတ်ပြန်တဲ့ ဗီဒီယိုမှာ အိုက်ဝေေ၀က ပြောပါတယ်။

“ကံမကောင်းစွာဘဲ၊ လူတွေက ဆင်တွေကို ဒီလို အခြေအနေမျိုးမှာ  ထားရှိကြတယ်။ ဒါဟာ မထိုက်သင့်ဘူး။ မမျှတဘူး။ ဆင်တွေဟာ လွတ်လပ်စွာ နေနိုင် စားသောက်ရဖို့ သင့်တယ်။ ဒါပေမယ့် လူတွေက အမြဲ မမျှမတ ဆက်ဆံတယ်၊ သူတို့အပေါ်။ ကျွန်တော်သာ တတ်နိုင်ရင် သူတို့ကို ချက်ချင်းလွှတ်တယ်ဗျာ။ သူတို့ဟာ လွတ်လပ်စွာ မွေးဖွားလာတာ၊ ကျွန်ခံဖို့အတွက် မွေးလာတာ မဟုတ်ဘူး။ ဆင်တွေကို လွှတ်ပေးကြပါစို့။”ဆိုပြီး ၎င်းက ပြောခဲ့ပါတယ်။

(အဆိုပါဆောင်းပါးသည် South China Morning Post သတင်းစာ၏ အာဘော် ဖြစ်ပါသည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly