ဘရာဇီး အရှေ့မြောက်ပိုင်းတွင် ရေကြီးမှုဘေးဒဏ်အား လူထောင်ပေါင်းများစွာ ကြံုတွေ့နေ

ဘရာဇီး အရှေ့မြောက်ပိုင်းတွင် ရေကြီးမှုဘေးဒဏ်အား လူထောင်ပေါင်းများစွာ ကြံုတွေ့နေ

ဆော်ပေါလို၊ ဇူလိုင် ၁၂ ။                  ။ ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းက တိုရို့စ်မြို့တွင် ပြီးခဲ့သည့် စနေတနင်္ဂနွေက မိုးသည်းထန်ခဲ့ပြီးနောက် ရေကြီးမှုဘေးဒဏ်ကို ပြည်သူပေါင်း ရှစ်ထောင် အနည်းဆုံး  ရင်ဆိုင်ကြုံတွေ့နေရကြောင်း အာဏာပိုင်များက ဇူလိုင် ၁၁ ရက်၌ ပြောသည်။

ရီယိုဂရန်ဒီဒိုနော့ပြည်နယ်၏ နာတဲလ်မြို့တော်မှ ၅၆ မိုင်အကွာက ယင်းမြို့မှ မြို့နေ အများစုမှာ ဘေးလွတ်ရာ ရွှေ့ပြောင်းပြီး အခြားသူများမှာ ရေကြီးမှုအတွင်း ပိတ်မိနေသည်။

မိသားစု နှစ်ဆယ်၊ သုံးဆယ်မှာ ၎င်းတို့၏ ပိုင်ဆိုင်မှုများအားလုံး ဆုံးရှုံးကြရာကာ မြို့က ဖွင့်လှစ်ထားသည့် ယာယီခိုလှုံရေးစခန်းများတွင် ရွှေ့ပြောင်းနေရကြောင်း တာဝန်ရှိသူများက ဆိုသည်။

မြို့အုပ်ချုပ်ရေးအဖွဲ့က အရေးပေါ်အခြေအနေ ကြေညာထားပြီးဖြစ်ကာ ရေလျှံရေလွှမ်းနေသည်ကို ပင်လယ်သို့ လမ်းကြောင်းပြောင်း စီးဆင်းအောင် ဆောင်ရွက်ထားသည်။

“ဗုဒ္ဓဟူးနေ့က နံနက်ပိုင်း လူတွေ အိပ်ရာထလာကြတော့ သူတို့အိမ်တွေ ရေဝင်ရေလျှံနေတာကို တွေ့ကြရတာပဲ။”ဟု ဒေသခံတစ်ဦးဖြစ်သည့် အီလက်ဒီက အီးပီအေသတင်းသို့ ပြောသည်။

“ကျွန်တော် စိတ်ပျက်လက်ပျက်ဖြစ်သွားတယ်။ အိမ်နီးချင်းတွေကို လှမ်းအကူအညီတောင်းတာပေါ့။ ဒါပေမယ့်  သူတို့လည်း ကိုယ့်လိုပဲ။ သူတို့ နိုင်သမျှ သယ်ပြီး ဘေးကင်းဖို့ အလုပ်များနေကြတယ်။”ဟု ၎င်းက ပြောသည်။

လာမည့်ရက်များအတွင်း မိုးနည်းသွားမည်ဟု တာဝန်ရှိသူများက ခန့်မှန်းထားပြီး ယင်းအခါ ကယ်ဆယ်ရေးနှင့် ရေဆိုးရေညစ် သန့်ရှင်းရေးများ အဆင်ပြောစွာ လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်းလည်း ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly