အမေရိကန်က ကုန်သွယ်ရေးအနိုင်အထက် ပြုကျင့်နေသည် စွပ်စွဲလျက် လက်တုံ့ပြန်မည်ဟု တရုတ် ဆို

အမေရိကန်က ကုန်သွယ်ရေးအနိုင်အထက် ပြုကျင့်နေသည် စွပ်စွဲလျက် လက်တုံ့ပြန်မည်ဟု တရုတ် ဆို

ပေကျင်း၊ ဇူလိုင် ၁၁ ။         ။ အမေရိကန်နိုင်ငံက တရုတ်နိုင်ငံမှ ထုတ်လုပ်သော သွင်းကုန်များအပေါ် ထပ်မံ၍ အခွန်ကောက်ခံမည်ဟု ကြေညာလိုက်ပြီးနောက် တရုတ်နိုင်ငံမှ ဇူလိုင် ၁၁ ရက်တွင် အပြစ်ဆိုဝေဖန်လိုက်သည်။

အမေရိကန်နိုင်ငံမှာ ကုန်သွယ်ရေးအနိုင်အထက် ပြုကျင့်နေသည်ဟု စွပ်စွဲပြောဆိုလျက် တူညီစွာ လက်တုံ့ပြန်သွားရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ကြောင်း တရုတ်ဖက်က ပြောခြင်း ဖြစ်သည်။

တရုတ် ထုတ်ကုန်များအပေါ် ဒေါ်လာ ၃၄ ဘီလီယံဖိုး သွင်းကုန်ခွန် ကောက်ယူမည်ဟု ပြီးခဲ့သည့် သီတင်းပတ်က ကြေညာထားချက်ကို ထပ်ဆင့်အရှိန်မြှင့်ကာ အမေရိကန်နိုင်ငံက ဇူလိုင် ၁၀ ရက်ညတွင် တရုတ်သွင်းကုန်များအား ဒေါ်လာ ဘီလီယံ ၂၀၀ အထိ အခွန်ကောက်ယူမည်ဟု ကြေညာလာပြန်ခြင်း ဖြစ်သည်။

ထိုအတွက် စီးပွားရေးအင်အားကြီး နှစ်နိုင်ငံကြား ဖြစ်တည်နေဆဲ ကုန်သွယ်ရေးစစ်ပွဲက အရှိန်မြှင့်လာတော့မည် ဖြစ်သည်။

“အမေရိကန်ရဲ့ လုပ်ရပ်ဟာ အမှန်ကို ကုန်သွယ်ရေး အနိုင်ကျင့်တာပါပဲ။”ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟွာချန်ယင်းက ဇူလိုင် ၁၁ ရက် သတင်းစာရှင်းလင်းပွဲတွင်   ပြောကြားခြင်း ဖြစ်ကာ အမေရိကန်သည် အသိဉာဏ် ပျောက်ဆုံးနေပြီဟု ဖြည့်စွက်ဆိုသည်။

အမေရိကန်၏ အစောပိုင်း ဒေါ်လာ ၃၄ ဘီလီယံဖိုး တရုတ် ကုန်စည်များအပေါ် သွင်းကုန်ခွန် ချမှတ်ခြင်းကို လက်တုံ့ပြန်ပြီး တရုတ်ဖက်ကလည်း အလားတူအတိုင်း အမေရိကန်ကုန်စည်များအပေါ် ဒေါ်လာ ၃၄ ဘီလီယံဖိုး သွင်းကုန်ခွန် ချမှတ်ထားပြီး ဖြစ်သည်။

တရုတ်ဖက်က တုံ့ပြန်လျှင် အမေရိကန်က ထပ်တိုးခွန်များ ချမှတ်မည်ဟု ထရမ့်က ခြိမ်းခြောက်ထားပြီးနောက် ယခုကဲ့သို့ ဒေါ်လာ ဘီလီယံ ၂၀၀ အထိ သွင်းကုန်ခွန် ချမှတ်မည်ဟု အမေရိကန်ဖက်က ကြေညာလာခြင်းပဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly