ပတ်ရှ်ဝါ၊ ဇူလိုင် ၁၁ ။ ။ လူ ၂၀ သေဆုံးပြီး ၆၆ ဦး ဒဏ်ရာရခဲ့သည့် ပါကစ္စတန်နိုင်ငံက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအား အသေခံတိုက်ခိုက်မှုကို ၎င်းတို့ ကျုးလွန်ခြင်း ဖြစ်ကြောင်း ပါကစ္စတန် တာလီဘန်အဖွဲ့က ဇူလိုင် ၁၁ ရက်တွင် ကြေညာသည်။
ခိုင်ဘာပြည်နယ်၏ မြို့တော် ပတ်ရှ်ဝါတွင် ဇူလိုင် ၁၀ ရက် ညပိုင်းက Awami National Party - ANP ပါတီ၏ ခေါင်းဆောင် မိုဟာမတ်ခူရာဆာနီအား သတ်ဖြတ်ရန် တာလီဘန်တို့က အသေခံဗုံးခွဲသမားကို စေလွှတ်လိုက်ခြင်းဖြစ်ကြောင်း ကြေညာလိုက်ခြင်း ဖြစ်သည်။
ထိုပါတီ၏ ခေါင်းဆောင် ဟာရွန်ဘီလိုဝါပါ သေဆုံးခဲ့သော ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး “ANP ပါတီဟာ အစ္စလာမ္မ်ကို ဆန့်ကျင်နေတာပါ။ ဒီပါတီသာ အာဏာရချိန်မှာ ဖမ်းဆီးထောင်ချတာတွေ ရှိခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ သူတို့ကို စစ်ကြေညာတယ်။”ဟု ခူရာဆာနီက ပြောသည်။
ပြည်သူတို့အနေဖြင့်လည်း ANP အဖွဲ့ဝင်များ၊ ၎င်းတို့၏ ရုံးများ၊ အစည်းအဝေးများနှင့် ဝေးစွာရှောင်ရန်လည်း တာလီဘန်ပြောခွင့်ရသူ ၎င်းက ပြောသည်။
ယခု တိုက်ခိုက်မှုသည် ဇူလိုင် ၂၅ ရက်တွင် ကျင်းပမည့် ပြည်သူပေါင်း ၁၀၅ သန်း မဲပေးနိုင်မည်ဖြစ်သော အထွေထွေရွေးကောက်ပွဲများအတွက် ပြုလုပ်ဆဲ မဲဆွယ်ပွဲများ ကာလအတွင်း အသေအဆုံးရှိသော ပထမဆုံး တိုက်ခိုက်မှုလည်း ဖြစ်သည်။