ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌမိန့်ခွန်းသည် နိုင်ငံရေးပါတီများအစုအဖွဲ့သဘောထား မဟုတ်ကြောင်း ထုတ်ပြန်

ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌမိန့်ခွန်းသည် နိုင်ငံရေးပါတီများအစုအဖွဲ့သဘောထား မဟုတ်ကြောင်း ထုတ်ပြန်

နေပြည်တော် ၊ ဇူလိုင် ၁၁ ။         ။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန် ပြောခဲ့သည့် မိန့်ခွန်းသည် နိုင်ငံရေးပါတီများအစုအဖွဲ့ သဘောထား မဟုတ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) က ထုတ်ပြန်ခဲ့သည်။

UPDJC မှ ထုတ်ပြန်ချက်တွင် ဒေါ်အေးနုစိန် ပြောကြားခဲ့သည့် မိန့်ခွန်းသည် “နိုင်ငံရေးပါတီများအစုအဖွဲ့နှင့် တိုင်ပင်ညှိနှိုင်းခြင်းမရှိဘဲ သက်ဆိုင်ရာပါတီ၏ သဘောထားကို ပြောကြားခြင်းသာ ဖြစ်သည်” ဟု ရေးသားထားသည်။

ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်၏ ပြောဆိုချက်တစ်ချို့သည် လက်ရှိလုပ်ဆောင်နေသည့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိဟု နိုင်ငံရေးပါတီများအစုအဖွဲ့က ဆိုသည်။

ပြည်နယ်များနှင့် ပြည်မအကြား ဖွံ့ဖြိုးတိုးတက်မှု မညီမျှခြင်း ၊ ဗဟိုချုပ်ကိုင်မှု တင်းကျပ်မှု နှင့် စီမံခန့်ခွဲ့မှု ညံ့ဖျင်းခြင်းတို့ကြောင့် ဗမာနှင့် အခြား တိုင်းရင်းသားများကြားတွင် ယုံကြည်မှုအားနည်းချက်များ  ဖြစ်လာသည်ဟု ဒေါ်အေးနုစိန်က ၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဘင်္ဂါလီအရေးကိစ္စမှာ ရခိုင်နှင့် ရခိုင်နွယ်ဖွားတိုင်းရင်းသားများရဲ့ မူလအခွင့်အရေးတွေ မဆုံးရှုံးသွားဖို့ အလွန် အရေးကြီးပါတယ်။ ဘင်္ဂါလီအရေးဟာ အလွန်ရှုပ်ထွေးသွားပြီဖြစ်တဲ့အတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့ရဲ့ သဘောထားများဟာ တစ်သားတည်းရှိဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ရခိုင်လူမျိုးရဲ့ အသံကို ဂရုစိုက်နားထောင်ဖို့ ရခိုင်တို့ရဲ့ နိုင်ငံရေးအခန်းကဏ္ဍကို မပစ်ပယ်ဖို့ကိုလည်း အရေးကြီးပါတယ်” ဟု ဒေါ်အေးနုစိန်က ဆိုသည်။

ယင်းအပြင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်နေသည့် ပဋိပက္ခကိစ္စရပ်များအပြင် ရခိုင်အမျိုးသားပါတီ၏ ရည်မှန်းချက်များ ကိုပါ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ဒေါ်အေးနုစိန်၏ ပြောဆိုချက်များသည် သူ့၏ ပါတီ၏ သဘောထားများကို ထည့်သွင်းပြောဆိုသွားခြင်းသာဖြစ်ပြီး နိုင်ငံရေးပါတီများ အစုအဖွဲ့၏ သဘောထားမဟုတ်ကြောင်း၊ မိန့်ခွန်းပြောဆိုရန်   ရွေးကောက်ပွဲတွင် အနိုင်ရရှိမှု တန်းစီဇယားအရ ပါတီများအလှည့်ကျပြောဆိုရန်စီစဉ်ထားခြင်းဖြစ်ကြောင်း  ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) နိုင်ငံရေးပါတီများအစုအဖွဲ့ အတွင်းရေးမှူးဖြစ်သူ စိုင်းကျော်ညွန့်က ပြောဆိုခဲ့သည်။

“ရခိုင်အမျိုးသားပါတီက ပြောတဲ့အချိန်မှာ ရခိုင်ကိစ္စတွေ အခြားအခြားသောကိစ္စတွေလည်း ပါတယ်ပေါ့လေ။ ဆိုတော့ သူတို့ရဲ့ သဘောထားက နိုင်ငံရေးပါတီများအစုအဖွဲ့ရဲ့ သဘောထား မဟုတ်ပါဘူး” ဟု စိုင်းကျော်ညွန့်ကဆိုသည်။

ဒေါ်အေးနုစိန် မိန့်ခွန်းအပြည့်အစုံ-

၂၀၁၈ ခုနှစ်၊ ဇူလိုင် ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံတွင် ပြောကြားသော မိန့်ခွန်း

ရခိုင်အမျိုးသားပါတီ

၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ တတိယအကြိမ် ဖွင့်ပွဲအခမ်းအနားသို့ ကြွရောက်လာကြတဲ့ သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်များ အပါအဝင် ကိုယ်စားလှယ်တော်ကြီးများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဦးစွာ ပမာဏ ဆုမွန်ကောင်း တောင်းရင်း မင်္ဂလာပါလို့ နုတ်ခွန်း ဆက်သအပ်ပါတယ်။

ကျွန်မကတော့ ရခိုင်အမျိုးသားပါတီ ဒုဥက္ကဌ - ဒေါ်အေးနုစိန် ဖြစ်ပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ပထမအကြိမ် အခမ်းအနားမှာ ကျမတို့ ရခိုင်အမျိုသားပါတီရဲ့ အကြံပြုစာတမ်းကို တင်သွင်းထားခဲ့ပြီး ဖြစ်ပါတယ်။ ဒီ ၂၁ ရာစု  ပင်လုံ ငြိမ်းချမ်းရေးညီလာခံဟာ တန်းတူပြီး ချစ်ကြည်စည်းရုံးတဲ့ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတဲ့ ပြည်ထောင်စုသစ်ကြီး ပေါ်ထွန်းဖို့ မလွဲမသွေ လျှောက်ရမယ့် လမ်းဖြစ်တယ်လို့ ကျမတို့ ရခိုင်အမျိုးသားပါတီက ယုံကြည်တဲ့အတွက် ရခိုင်ပြည်သူတွေကိုယ်စား ကျမတို့ တက်ရောက်လာခြင်း ဖြစ်ပါတယ်။

ကျမတို့ ရခိုင်ပြည်သူတွေဟာ ဗမာအပါအဝင် တိုင်းရင်းသားပေါင်းစုံနဲ့ လက်တွဲပြီး လွတ်လပ်ရေးအတွက် ဗြိတိသျှ နယ်ချဲ့၊ ဂျပန်ဖက်ဆစ်တွေကို တိုက်ပွဲဝင်ခဲ့ကြပါတယ်။ လွတ်လပ်ရေးရလာခဲ့ပေမယ့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေနဲ့ တစ်ပြည်ထောင် စနစ်အောက်မှာ ရခိုင်လူမျိုးတွေဟာ ပြည်နယ်အဆင့်ကိုတောင် မခံစားရတဲ့ ဘဝကို ရောက်ရှိသွားခဲ့ကြရပါတယ်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအောက်မှာ ရခိုင်ပြည်နယ်လို့ ပေါ်ထွက်လာခဲ့ပေမယ့် ရခိုင်ပြည်သူတွေရဲ့ ယဉ်ကျေးမှု လူမှုစီးပွားဘဝဟာ ထူးခြားမလာခဲ့ပါဘူး။ လယ်ယာမြေစီးပွားရေး ပျက်သုဉ်းခဲ့ရပြီး၊ သယံဇာတပေါကြွယ်ဝတဲ့  ပင်လယ်နဲ့ ရိုးမရှိတဲ့ ဂန္တဝင်ယဉ်ကျေးမှု အမွေအနှစ်တွေရှိတဲ့၊ ရခိုင်ပြည်နယ်ဟာ ဆင်းရဲမွဲတေမှု ချောက်ကမ်းပါးထဲကို ထိုးဆင်းသွားခဲ့ကြရပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပျော့ကွက်ဟာကွက်တွေ များစွာ ရှိပေမယ့်လဲ စစ်အာဏာရှင်စနစ် ပျောက်ကွယ်ပြီး ဒီမိုကရေစီ လမ်းကြောင်း ပီပြင်လာရေးအတွက် ကျမတို့ဟာ တရားဝင် နိုင်ငံရေးပါတီ တည်ထောင်ပြီးတော့ ၂၀၁၀ နဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲများကို ဖြတ်သန်းခဲ့ပြီး ဖြစ်ပါတယ်။ လွှတ်တော်အဆင့်ဆင့်မှာလည်း ပါဝင်နေကြပြီး ဖြစ်ပါတယ်။

လက်ရှိ နိုင်ငံရေးအခင်းအကျင်းမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများအားလုံးက ဖက်ဒရယ် ပြည်ထောင်စုသစ် ပေါ်ထွန်းလာရေးကို တညီတညွတ်တည်း ဆန္ဒ ရှိနေကြတာကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ယခု ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီးဟာ ပြည်တွင်းစစ် ချုပ်ငြိမ်းရေးနှင့် ကျမတို့ ယုံကြည်မျှော်လင့်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် အခြေခံ အုတ်မြစ်တွေကို ချမှတ်ပေးနိုင်ရပါမယ်။ ဒါမှသာ ငြိမ်းချမ်းသာယာပြီး တန်းတူညီမျှမှု ရှိသော စည်းလုံးညီညွတ်တဲ့ ပြည်ထောင်စုကြီး ပေါ်ထွန်းလာနိုင်မယ်လို့ ကျမတို့ ယုံကြည်ပါတယ်။

ကျမတို့ ရခိုင်အမျိုးသားပါတီမှာ ရည်မှန်းချက် ၃ ရပ် ရှိပါတယ်။

(၁) စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန် (ဆိုလိုသည်မှာ ရခိုင်လူမျိုးတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်နှင့် မြန်မာ (ဗမာ) အပါအဝင် တိုင်းရင်းသားလူမျိုးများအားလုံး တန်းတူရည်တူ အခွင့်အရေးကို အာမခံသည့်၊ လူမျိုးကို အခြေခံသော ပြည်နယ်များဖြင့် ဖွဲ့စည်းထားသည့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ရန်။)

(၂) ရခိုင်လူမျိုးနှင့် ရခိုင်မျိုးနွယ်စု တိုင်းရင်းသားတို့၏ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် အဆိုပါ အကျိုးစီးပွားများအား ကာကွယ်စောင့်ရှောက်ရန်။

(၃) ဒီမိုကရေစီ ထွန်းကားရေး ကြိုးပမ်းဆောင်ရွက်ရန်တို့ ဖြစ်ပါတယ်။

ပြည်နယ်များနှင့် ပြည်မအကြား ဖွံ့ဖြိုးတိုးတက်မှု မညီမျှတာ၊ ဗဟိုချုပ်ကိုင်မှု တင်းကျပ်တာ၊ စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေကြောင့် ဗမာနဲ့ အခြားတိုင်းရင်းသားများအကြား ယုံကြည်မှု အားနည်းချက်ဖြစ်သွားရတာလို့ ကျမ ပြောချင်ပါတယ်။ မြန်မာ့နွေဦးလို့ ဂုဏ်ယူရမယ့် အချိန်မှာ ပြည်နယ်တွေဟာ ဆင်းရဲခြင်း အနိဌာရုံတွေနဲ့ တချို့သော ဒေသတွေမှာ အရမ်းကြီးတဲ့ စစ်ဘေးဒဏ်တွေကို ခံစားနေရတာဟာ အလွန်တရာ အကျည်းတန် အရုပ်ဆိုးလွန်းနေပါတယ်။ အာရှနိုင်ငံတွေမှာ နည်းပညာဖွံ့ဖြိုးမှု အတွေးအမြင် ဖွံ့ဖြိုးမှု၊ စီးပွားရေးဖွံ့ဖြိုးမှုတွေနဲ့ မိမိနိုင်ငံ ပုံရိပ်ကို အကောင်းဆုံး ပုံဖော်နေကြချိန်မှာ ကျမတို့ကတော့ နာတာရှည် လက်နက်ကိုင်ပဋိပက္ခ မီးလျှံထဲက ရုန်းမထွက်နိုင်ဘဲ ညီနောင် အချင်းချင်း စစ်ခင်းနေရတာဟာ ဝမ်းနည်းစရာ အကောင်းဆုံး ဖြစ်နေပါတယ်။ တိုင်းရင်းသား အင်အားစုတွေကို သဘောထားကျဉ်းမြောင်းသူတွေ အစွန်းရောက်သူတွေလို့ မမှတ်ယူသင့်ပါဘူး။ အင်အားကြီးတဲ့ အင်အားစုတွေ အထူးသဖြင့် ဗမာပါတီကြီးတွေ အပါအဝင် ခိုင်မာစွာ တည်ဆောက်ထားတဲ့ တပ်မတော်ရဲ့ သဘောထားကြီးမှုကို ကျမတို့ မျှော်လင့်ချင်ပါတယ်။ သဘောထားကြီးမှုအောက်မှာမှ သဘောထားကျဉ်းမြောင်းမှုတွေဟာ မှုံဝါးပျောက်ကွယ်သွားကြရစမြဲ ဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လုပ်နိုင်တဲ့ လုပ်သင့်တဲ့ အရာများကို အချိန်နှင့်တပြေးညီ လုပ်ဆောင်သွားနိုင်ဖို့လည်း အထူးလိုအပ်ပါတယ်။

ကျမတို့ ထွန်းသစ်စ ဒီမိုကရေစီနှင့် နိုင်ငံတော်အချုပ်အခြာအာဏာကို အဓိက ခြိမ်းခြောက်နေတဲ့ စိန်ခေါ်မှုတွေထဲမှာ ရခိုင်အရေးလို့ သိနေပြောနေကြတဲ့ ဘင်္ဂလီမူဆလင် ပြဿနာဟာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ သူတို့ လှုပ်ရှားမှုဟာ အစပိုင်းမှာ လူ့အခွင့်အရေးကို အရေခြုံကြွေးကြော်ပြီး တိုင်းရင်းသားလူမျိုးသစ်တစ်ခု ပေါ်ထွန်းလာဖို့ လှုပ်ရှားမှုကနေ နောက်ဆုံးမှာ နယ်မြေလုစစ်ပွဲဆင်နွှဲတဲ့ အကြမ်းဖက်ဝါဒ လမ်းစဉ် ဖြစ်လာခဲ့ပါတယ်။ ပြည်တွင်းအရေးကို နိုင်ငံတကာ အရေးဖြစ်လာအောင် ဒီဇိုင်းဆင် ပုံဖော်ခဲ့ကြပါတယ်။ အနောက်ဒီမိုကရေစီ အင်အားကြီး နိုင်ငံတချို့ ကုလသမဂ္ဂအဖွဲ့အစည်းတစ်ချို့နှင့် OIC အဖွဲ့ဝင် နိုင်ငံတွေဟာလည်း နည်းမျိုးစုံနဲ့ ဖိအားပေးပြီးတော့ အချုပ်အခြာအာဏာကို ထိပါးတဲ့ လုပ်ရပ်တွေ လုပ်လာခဲ့ကြပါတယ်။ လူမျိုးတုံး သတ်ဖြတ်မှုဆိုတဲ့ စွပ်စွဲချက်တွေနဲ့ နိုင်ငံတကာ ပြဿနာကြီးတစ်ခု ဖြစ်အောင် ဖန်တီးနေခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်ရဲ့ ဘင်္ဂလီမူဆလင် ပြဿနာအစကတော့ ဗြိတိသျှ ကိုလိုနီ ဆိုးမွေဖြစ်ပြီး တရားမဝင် နေထိုင်မှုနဲ့ နိုင်ငံသား ပြဿနာကို ပြတ်ပြတ်သားသား မဖြေရှင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံအတွင်းမှာ ရှိနေတဲ့ ဌာနေ တိုင်းရင်းသား မဟုတ်သူများကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့ အညီ စိစစ်ပြီး နိုင်ငံသားဖြစ်ခွင့် ရှိသူများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးပါ။ နိုင်ငံသားဖြစ်သူများကို မြန်မာနိုင်ငံအနှံ့ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ပြုလိုက်ပါ။ နိုင်ငံသားဖြစ်ခွင့်မရှိသူများကိုတော့ တည်ဆဲ ဥပဒေများနှင့်အညီ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ နိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ လူသားအားလုံးအတွက် ဥပဒေအရ အခွင့်အရေးတန်းတူ ရရှိမှုကို အခြေခံရမှာ ဖြစ်သလို နိုင်ငံတကာက ဖိအားပေး အဖြေရှာခိုင်းမှုတွေကိုလည်း အလျော့မပေးဖို့ အထူးလိုအပ်လှပါတယ်။ ဘင်္ဂလီအရေးကိစ္စမှာ ရခိုင်နှင့် ရခိုင်နွယ်ဖွား တိုင်းရင်းသားများရဲ့ မူလအခွင့်အရေးတွေ မဆုံးရှုံးသွားဖို့ အလွန် အရေးကြီးပါတယ်။ ဘင်္ဂလီအရေးဟာ အလွန်ရှုပ်ထွေးသွားပြီ ဖြစ်တဲ့အတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့ရဲ့ သဘောထားများဟာ တသားတည်းရှိဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ရခိုင်လူမျိုးရဲ့ အသံကို ဂရုစိုက်နားထောင်ဖို့ ရခိုင်တို့ရဲ့ နိုင်ငံရေးအခန်းကဏ္ဍကို မပစ်ပယ်ဖို့ကိုလည်း အရေးကြီးပါတယ်။

သဘာပတိကြီးရှင့် ကျမတို့ဟာ သမိုင်သစ်တစ်ခုကို ဖန်တီးဖို့ ဒီလိုနေရာကို ရောက်ရှိနေကြတာ ဖြစ်ပါတယ်။ ဒီကနေ့ အခမ်းအနားမှာ သေနပ်သံ၊ အမြှောက်သံ တဒုံးဒုံးတဒိုင်းဒိုင်း ဆူညံနေတဲ့ ယမ်းငွေ့တွေ မွှန်ထူနေတဲ့ ဟိုအဝေး စစ်မြေပြင်က သွေးရင်းမောင်နှမတွေ ရောက်ရှိလာတာကို တွေ့မြင်ရလို့လည်း အထူးဝမ်းသာရပါတယ်။ ငြိမ်းချမ်းရေးဟာ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနဲ့ သက်ဆိုင်တဲ့အတွက် သက်ဆိုင်သူ အားလုံး ပါဝင်တဲ့ ပွင့်လင်းတဲ့ ငြိမ်းချမ်းရေးညီလာခံ ဖြစ်ဖို့ လိုအပ်ပါတယ်။

အတိတ်သမိုင်း ဖြစ်ရပ်တွေကို သင်ခန်းစာယူပြီး ငြိမ်းချမ်းဖွံ့ဖြိုးတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကျမတို့အားလုံးမှာ တာဝန်ရှိပါတယ်။ သမိုင်းကြောင်း မတူကွဲပြားတဲ့ လူမျိုးပေါင်းစုံ နေထိုင်တဲ့ နိုင်ငံဖြစ်တာကြောင့် ပြည်ထောင်စုကြီး အဓွန့်ရှည်ရေးအတွက် ဘက်ပေါင်းစုံ လေ့လာဆန်းစစ်ပြီးတော့ သဟဇာတဖြစ်နိုင်တဲ့ မူတွေ ချမှတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဝိုင်းဝန်းတည်ဆောက်ကြပါစို့လို့ တိုက်တွန်းယင်း နိဂုံးချုပ်အပ်ပါတယ် ရှင့်။ ။ ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly