မန်စီးတီးအသင်းကို အောင်မြင်မှုများပိုမိုရရှိအောင် ကူညီနိုင်ပေးနိုင်မည်ဟု မာရက်ဇ်ယုံကြည်

မန်စီးတီးအသင်းကို အောင်မြင်မှုများပိုမိုရရှိအောင် ကူညီနိုင်ပေးနိုင်မည်ဟု မာရက်ဇ်ယုံကြည်

 

ဇူလိုင် ၁၁၊ မန်ချက်စတာ။           ။ လက်စတာအသင်းထံမှ ပေါင်သန်း ၆၀ ဖြင့်ပြောင်းလာသည့် မာရက်ဇ်က ၎င်းအနေဖြင့် မန်စီးတီးအသင်းကို အောင်မြင်မှုများ ပိုမိုရရှိအောင် ကူညီပေးနိုင်လိမ့်မည်ဟု ယုံကြည်နေသည်။

မန်စီးတီးအသင်းအနေဖြင့် ခုနစ်လကြာကြိုးစားခဲ့ရသည့် အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီတွင် လာပေါ်တီအတွက် ပေးခဲ့ရသည့် ပြောင်းရွှေ့ကြေး ပေါင် ၅၇ ဒသမ ၂ သန်းထက် ပိုပေးခဲ့ရသည်။

ယမန်နှစ်ရာသီက ပရီးမီးယားလိဂ်တွင် စံချိန်ချိုးပြီး ဗိုလ်စွဲခဲ့သည့် မန်စီးတီးအသင်းထံ ပြောင်းရွှေ့ခွင့်ရခဲ့သဖြင့် မာရက်ဇ်က စိတ်လှုပ်ရှားနေသည်။

“အမှတ် ၁၀၀ ထိရပြီး စံချိန်ချိုးဖို့ဆိုတာ အသင်းတစ်သင်းအတွက် အံ့အားသင့်စရာ ရလဒ်ပါ။ ကျွန်တော်တို့ အဲဒီ အနေအထားအတိုင်း ဆက်သွားနိုင်ဖို့ ဒါမှမဟုတ် ပိုလုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက ရရှိခဲ့တဲ့ ယုံကြည်မှုနဲ့အတူ နာမည်ကြီးကစားသမားတွေနဲ့ အသင်းကြီးတစ်သင်းပါ။ ဒီရာသီက သိပ်ကောင်းတဲ့ရာသီဖြစ်လာမယ် ထင်ပါတယ်။

ကျွန်တော် ဒါကို သိပ်ယုံကြည်မှုရှိပြီး ကျွန်တော်တို့တွေ ပိုပြီးကြီးမားတာကို လုပ်နိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ကျွန်တော် ဆုဖလားတွေလိုချင်ပြီး ဒီအသင်းက အသင့်တော်ဆုံးပဲလို့ ထင်ပါတယ်။ ဒီနည်းပြ၊ ဒီအသင်း၊ ဒီမှာရှိတဲ့ အားလုံးနဲ့ အတူပေါ့”ဟု မာရက်ဇ်က ဆိုသည်။

အသက် ၂၆ နှစ်အရွယ် အယ်လ်ဂျီးရီးယားတောင်ပံကစားသမား မာရက်ဇ်သည် အင်္ဂါနေ့တွင် ဆေးစစ်မှုအောင်မြင်ပြီးနောက် မန်စီးတီးအသင်းနှင့် ငါးနှစ် စာချုပ်ချုပ်ဆိုခဲ့ကာ ကျောနံပါတ် ၂၆ ဝတ်ဆင်မည်ဖြစ်သည်။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly