ဂူထဲပိတ်မိလူငယ်တွေကို ကယ်ထုတ်ရာမှာ ဟီးရိုးဖြစ်ခဲ့တဲ့ သြစတြေးလျဆရာဝန်ရဲ့ ဖခင်ဖြစ်သူ ဆုံးပါး

ဂူထဲပိတ်မိလူငယ်တွေကို ကယ်ထုတ်ရာမှာ ဟီးရိုးဖြစ်ခဲ့တဲ့ သြစတြေးလျဆရာဝန်ရဲ့ ဖခင်ဖြစ်သူ ဆုံးပါး

ဇူလိုင် ၁၁ ။           ။ မယ်ဆိုင် လှိုဏ်ဂူထဲက ထိုင်းလူငယ်တွေကို ကယ်ထုတ်တဲ့ လုပ်ငန်းစဉ်မှာ အဓိကအခန်းကဏ္ဍတစ်ခုကနေ ဦးဆောင်ပါ၀င်ပေးခဲ့တဲ့ သြစတြေးလျနိုင်ငံသားဆရာဝန် ရစ်ချတ် ဟားရစ်အတွက် ၀မ်းနည်းစရာ သတင်းဆိုးတစ်ခုက အသင့်စောင့်ကြိုနေခဲ့ပါတယ်။ ဒါကတော့ ဒေါက်တာ ဟားရစ်တစ်ယောက် ထိုင်းဂူထဲ ၀င်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေချိန်မှာပဲ ၎င်းရဲ့ ဖခင်ဖြစ်သူ ဆုံးပါးသွားခဲ့ခြင်း ဖြစ်ပါတယ်။

၎င်းဟာ ရေလွှမ်းမိုးနေပြီး ရှုပ်ထွေးပွေလီနေတဲ့ မြေအောက် ဂူထဲကို ၀င်ပြီး ကလေးတွေကို ကယ်ထုတ်ကာ ကိုယ်တိုင် အပြင်ကို ပြန်ထွက်လာချိန်မှာတော့ အဆိုပါ သတင်းဆိုးက သူ့ကို အသင့်ဆီးကြိုနေခဲ့တာဖြစ်ပါတယ်။

လူသိများတဲ့ ဆရာဝန်တစ်ဦးဖြစ်သလို ရေငုပ်သမားတစ်ဦးလည်း ဖြစ်တဲ့ ဒေါက်တာ ဟားရစ်ကတော့ အဆိုပါ တောဝက်ရိုင်း လူငယ်ဘောလုံးအသင်းကို ကယ်ထုတ်မှု လုပ်ငန်းစဉ်မှာ အဓိကနေရာကနေ ပါ၀င်ခဲ့သူ ဖြစ်ပါတယ်။ ကျွမ်းကျင်ပညာရှင်တွေရဲ့ တောင်းဆိုချက်အရ ၎င်းကိုယ်တိုင် လာရောက်ကူညီတာဖြစ်တယ်လို့ သိရပြီး ယမန်နေ့က ကယ်ဆယ်ရေးလုပ်ငန်းအပြီးသတ်ချိန်မှာ ဂူထဲကနေ နောက်ဆုံးမှ ထွက်လာသူလည်းဖြစ်တယ်လို့ သိရပါတယ်။

ဒေါက်တာ ဟားရစ်ဟာ မူလ စီစဉ်ထားတဲ့ အားလပ်ရက် ယူမယ့်အစီအစဉ်ကို ဖျက်ပြီးမှ ဂူထဲက ကလေးငယ်တွေကို ကယ်ထုတ်ဖို့အတွက် ထိုင်းကို ရောက်လာခဲ့သူလည်း ဖြစ်ပါတယ်။

၎င်းဟာ ဂူထဲပိတ်မိ လူငယ် ၁၂ ယောက်နဲ့ နည်းပြဖြစ်သူတို့ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးဖို့ ဂူအတွင်း လေးကီလိုမီတာရှိ အကွာအဝေးကို စွန့်စားသွားရောက်ခဲ့သူဖြစ်တယ်လို့လည်း သြစတြေးလျ မီဒီယာတွေမှာ ဖော်ပြပါတယ်။

ယမန်နေ့က အဆိုပါ ဂူထဲကနေ ပိတ်မိနေခဲ့သူ အားလုံးကို အပြီးသတ်ကယ်ထုတ်ပေးနိုင်ခဲ့လို့ ကယ်ဆယ်ရေးလုပ်ငန်းဟာ ပျော်စရာကောင်းတဲ့ အဆုံးသတ်တစ်ခုနဲ့ ပြီးဆုံးခဲ့သော်ငြားလည်း ဒေါက်တာဟားရစ်တစ်ယောက်အတွက်ကတော့ ဖခင်ဆုံးပါးသွားပြီ ဆိုတဲ့ သတင်းဆိုးတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

" ဟားရစ်ရဲ့ ဖခင်ဖြစ်သူ ဆုံးသွားပြီ ဆိုတာကို ၀မ်းနည်းစွာနဲ့ ပြောလိုက်ရပါတယ်၊ မနေ့က ကယ်ဆယ်ရေးလုပ်ငန်းတွေ အောင်မြင်စွာ ပြီးဆုံးလို့ သိပ်မကြာခင်မှာပဲ သူ့အဖေ ဆုံးသွားတာပါ၊ ဟားရစ်နဲ့လည်း ကျွန်တော် စကားပြောပြီးပါပြီ၊ ဒီချိန်မှာ သူ့မိသားစုအတွက် တကယ့်ကို ၀မ်းနည်းစရာ အခိုက်အတန့် ဖြစ်သွားပါပြီ" ဆိုပြီး ဟားရစ် အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းဖြစ်တဲ့ SAAS MedSTAR က ဆေးဘက်ဆိုင်ရာ ၀န်ဆောင်မှု အကြီးအကဲ အန်ဒရူး ပါးစ်က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly