ဂျူဗင်တပ်ကို ပြောင်းရွှေ့ဖြစ်ခဲ့တဲ့ အကြောင်းရင်းကို ထုတ်ပြောလိုက်တဲ့ စီရော်နယ်ဒို

ဂျူဗင်တပ်ကို ပြောင်းရွှေ့ဖြစ်ခဲ့တဲ့ အကြောင်းရင်းကို ထုတ်ပြောလိုက်တဲ့ စီရော်နယ်ဒို

ဇူလိုင် ၁၁၊ တူရင်။         ။ စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းကနေ အီတလီထိပ်သီး ဂျူဗင်တပ်အသင်းထံကို ပြောင်းရွှေ့သွားတဲ့ စီရော်နယ်ဒိုက အခုလို ပြောင်းရွှေ့ဖြစ်ခဲ့တဲ့ အကြောင်းရင်းကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းမှာ ၉ ရာသီကြာကစားပြီး ပွဲပေါင်း ၄၃၈ ပွဲမှာ ၄၅၁ ဂိုးထိသွင်းပေးခဲ့တဲ့ ပေါ်တူဂီလက်ရွေးစင် အသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းထံကို ယူရို သန်း ၁၂၀ ဝန်းကျင်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။

အသက် ၃၃ နှစ်အရွယ် စီရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းနဲ့ လေးနှစ်စာချုပ် ချုပ်ဆိုဖို့သဘောတူညီခဲ့တာဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၅ သိန်း ဝန်းကျင် ရရှိမှာဖြစ်ပါတယ်။

အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ရီးယဲလ်မက်ဒရစ်အသင်းက အင်္ဂါနေ့နှောင်းပိုင်းမှာ အတည်ပြုခဲ့ပြီး စီရော်နယ်ဒိုရဲ့ ဆန္ဒကို လိုက်လျောခဲ့တာဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ကြေညာချက်ထွက်ပေါ်လာပြီး နာရီပိုင်းအကြာမှာ ဂျူဗင်တပ်အသင်းကလည်း အပြောင်းအရွှေ့ကို အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

စီရော်နယ်ဒိုကလည်း ရီးယဲလ်မက်ဒရစ်မှာ ကစားခဲ့တဲ့ကာလတွေဟာ ဘဝမှာအပျော်ဆုံးကာလတွေဖြစ်နိုင်ပေမယ့် အသင်းပြောင်းဖို့ ဆုံးဖြတ်ချက် မှန်ကန်တယ်လို့ ယူဆကြောင်း ပြောပါတယ်။

စီရော်နယ်ဒိုက “ဘဝမှာ နောက်ထပ် စင်မြင့်တစ်ခုဆီ တက်လှမ်းဖို့ အချိန်ကျလာပြီလို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော် ပြောင်းချင်တာကို လက်ခံပေးဖို့ အသင်းကို တောင်းဆိုခဲ့တာပါ။

ကျွန်တော် ဒီလိုခံစားနေရပြီး လူတိုင်း၊ အထူးသဖြင့် ပရိသတ်တွေအနေနဲ့ ကျွန်တော့်ကို ကျေးဇူးပြုပြီး နားလည်ပေးကြပါ” လို့ ပြောဆိုခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမား စီရော်နယ်ဒိုဟာ အသင်းနဲ့အတူ ဆုဖလားပေါင်းများစွာရရှိခဲ့ရာမှာ လာလီဂါဖလားနှစ်လုံးနဲ့ ချန်ပီယံလိဂ်ဖလား လေးလုံးလည်း ပါဝင်ပါတယ်။

စီရော်နယ်ဒိုဟာ ရီးယဲလ်မက်ဒရစ်အတွက် အမှတ်လက္ခဏာတစ်ခု၊ မျိုးဆက်သစ်တွေအတွက် စံနမူနာထားစရာတစ်ခုအဖြစ် အမြဲရှိနေမယ်လို့ ရီးယဲလ်မက်ဒရစ်ရဲ့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

ဒါ့အပြင် ရီးယဲလ်မက်ဒရစ်ဟာ သူ့ရဲ့အိမ်အဖြစ် အမြဲတမ်းရှိနေမယ်လို့လည်း ဖြည့်စွက်ရေးထားပါတယ်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly