ပြည်ထောင်စုထက် အဖွဲ့အစည်းအကျိုးကို လိုလားသူများအား ပေါ်လွင်စွာတွေ့မြင်ရမည်

ပြည်ထောင်စုထက် အဖွဲ့အစည်းအကျိုးကို လိုလားသူများအား ပေါ်လွင်စွာတွေ့မြင်ရမည်

နေပြည်တော် ၊ ဇူလိုင် ၁၁ ။     ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများအား ပြည်သူများက စောင့်ကြည့်နေပြီး မည်သူများက ပြည်ထောင်စု အကျိုးကို လိုလားပြီး၊ မည်သူများက မိမိအကျိုး အဖွဲ့အစည်းအကျိုးကို ပို၍ လိုလားနေကြောင်းကို ယခု ကျင်းပနေသည့် ၂၁ ရာစု ပင်လုံအစည်းအဝေးများတွင် ပေါ်ပေါက်လာမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

“ ဘယ်သူတွေဟာ အမှန်တကယ် ငြိမ်းချမ်းရေးကို လိုလားတယ်။ ဘယ်သူတွေဟာ ပြည်ထောင်စုအကျိုးကို ကိုယ့်အကျိုး ကိုယ့်အစုအဖွဲ့ထက် တန်ဖိုးထားတယ်ဆိုတာ ဒီ ၂၁ ရာစု ပင်လုံအစည်းအဝေးတွေမှာ ပေါ်လွင်လာမှာပါ။ ပြည်သူတွေက ကြည့်နေကြပါတယ်။ ပြည်သူတွေက သိလာကြမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ နေပြည်တော်၌ ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းထဲတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)သည် ပြီးပြည့်စုံသည့်် စာချုပ်ဟု မခေါ်ဆိုနိုင်သော်လည်း မတူညီသည့် အင်အားစုများအကြား ထွက်ပေါ်လာခဲ့သည့် မျှခြေ တစ်ခုဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

သို့သော်လည်း NCA ကို လက်မှတ်မထိုးသည့် အဖွဲ့များအား လက်မှတ်ရေးထိုးရန် ကြိုးပမ်းနေဦးမည်ဟု ၎င်းက ဆိုသည်။

“ NCA ဟာ အင်အားစု အားလုံးကိုု ဆုံဆည်းနိုင်အောင် ဆောင်ကြဉ်းပေးခဲ့တဲ့ ဆုံမှတ်တစ်ခုဖြစ်သလို ကျွန်မတို့အားလုံးရဲ့ ပန်းတိုင်ကို ဆက်လက် လျှောက်လှမ်းနိုင်အောင် အစပြုပေးခဲ့တဲ့ စမှတ်တိုင်တစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်မတို့ဟာ NCA သဘော တူညီချက်တွေမှာပဲ ရပ်တန့်နေတာ၊ ရပ်ဆိုင်းနေတာ မဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က သူ့၏ မိန့်ခွန်းထဲတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ယခုကျင်းပနေသည့် ၂၁ ရာစုပင်လုံ အစည်းအဝေးကို NCA စာချုပ် လက်မှတ်မရေးထိုးထားသည့် မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်များလည်း တက်ရောက်လာခဲ့ကြသည်။

ညီလာခံကို ဇူလို်င် ၁၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ ၆ ရက်ကြာကျင်းပသွားမည်ဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်

ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်း

( ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက် )

နှုတ်ခွန်းဆက်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ၊ တတိယအစည်းအဝေး ဖွင့်ပွဲ အခမ်းအနားကို ကြွရောက်လာကြတဲ့ နိုင်ငံတော်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီ များမှခေါင်းဆောင်များ၊ ပြည်တွင်း၊ ပြည်ပမှအထူးဧည့်သည်တော်များ၊ ညီလာခံကိုယ်စားလှယ်တော်ကြီးများ၊ လေ့လာသူများနှင့်ဧည့်သည်တော်များအားလုံး၊ နိုင်ငံတစ်ဝှမ်းနဲ့ နိုင်ငံရပ်ခြားနေရာ အနှံ့အပြားကနေ ရုပ်မြင်သံကြားတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြတဲ့ တိုင်းရင်းသား ပြည်သူများအားလုံးကို ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

ဒီကနေ့ ဒီအချိန်မှာ ညီလာခံခန်းမကြီးအတွင်းမှာ ကျွန်မတို့နိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် အရေးကြီးလှတဲ့ သက်ဆိုင်သူ ခေါင်းဆောင်အားလုံး စုံစုံညီညီနဲ့ ရောက်ရှိနေကြပါပြီ။ ယခုလို စုံစုံညီညီ တက်ရောက် လာနိုင်အောင် အဘက်ဘက်က ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြသူများ ပြည်တွင်း၊ ပြည်ပက မိတ်ဆွေများအားလုံးကို ကျေးဇူးဥပကာရ အထူးပဲတင်ရှိပါကြောင်း ပြောကြား လိုပါတယ်။

ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့ ပြည်ထောင်စုကြီးမှာ တိုင်းရင်းသား လူမျိုးပေါင်းစုံ မှီတင်း နေထိုင်လျက်ရှိကြပါတယ်။ လွတ်လပ်ရေးရရှိပြီးတဲ့နောက်ပိုင်း အားလုံး စည်းလုံး ညီညွတ်စွာနဲ့ အားလုံးယုံကြည် တန်ဖိုးထားနိုင်တဲ့ ပြည်ထောင်စုကြီးအဖြစ် တည်ဆောက် နိုင်ခြင်း မရှိခဲ့တဲ့အတွက် ဒီကနေ့အထိ ကျွန်မတို့အချင်းချင်းအကြားမှာ သံသယတွေ၊ မယုံကြည်မှုတွေ၊ ရန်လိုမုန်းတီးမှုတွေနဲ့ လက်နက်ကိုင်ပဋိပက္ခဟာ နှစ်ပေါင်း ခုနှစ်ဆယ်ကျော် ကြာမြင့်ခဲ့တဲ့အထိ သက်တမ်းရှည်ကြာခဲ့ရပါတယ်။ ဒီလို သက်တမ်း ရှည်ကြာခဲ့ပြီဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြားမှာ စတေးပေးဆပ်ခဲ့ရတာကတော့ ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့တိုင်းရင်းသားပြည်သူတွေရဲ့ မျှော်လင့်ချက် အိပ်မက်တွေပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုကြီးရဲ့ သမိုင်းအဆက်ဆက် မပြည့်ဝ နိုင်ခဲ့ဘဲ မျှော်လေတိုင်း အလှမ်းဝေးခဲ့ရတဲ့ ငြိမ်းချမ်းရေးကို လက်ဆုပ်လက်ကိုင်ရရှိ ဖို့ဟာ ဒီကနေ့၊ ဒီအချိန်၊ ဒီခန်းမကြီးထဲမှာ ရောက်ရှိနေကြတဲ့ အစုအဖွဲ့အသီးသီးရဲ့ စိတ်ဆုံးဖြတ်ချက်တွေ ပေါ်မှာ တည်မီနေတယ်လို့ပဲ ပြောပါရစေ။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) ဆိုတာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အဆိုပြုချက်တွေကို အခြေပြုပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့နဲ့ ဆွေးနွေးပြီး ထွက်ပေါ် လာခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ် လာနေပြီဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် အဓိကတံခါးပေါက်လည်း ဖြစ်ပါတယ်။ တစ်ဘက်မှာလည်း ပဋိပက္ခဒေသတွေမှာ နေထိုင်ခဲ့ရပြီး လက်နက်ကိုင်တိုက်ခိုက်မှုတွေ အကြား မြေစာပင်ဖြစ်ခဲ့ရတဲ့ တိုင်းရင်းသားပြည်သူတွေဟာလည်း NCA ကနေ ဖန်တီး ပေးလိုက်တဲ့ အပစ်အခတ်ရပ်စဲမှုတွေကြောင့် လုံခြံုမှုနဲ့တည်ငြိမ်မှု အသီးအပွင့်တွေကို တဖြည်းဖြည်းချင်း တိုးမြှင့်ရရှိခံစားနေကြရပါပြီ။

တစ်ကယ်တော့ NCA ဆိုတာ မတူကွဲပြားတဲ့ အင်အားစုတွေအကြား ရခဲလှတဲ့ ဆုံချက်တစ်ခု၊ မျှခြေတစ်ရပ်အနေနဲ့ ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။ ခိုင်မာတဲ့ စာချုပ်စာတမ်းတစ်ခု၊ ပဋိဉာဉ်စာတမ်းတစ်ရပ်အဖြစ် တိုင်းသိ၊ ပြည်သိ၊ နိုင်ငံတကာ အသိအမှတ်ပြုမှုနဲ့အတူ ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။ ဒီသဘောတူစာချုပ် ပဋိဉာဉ် တစ်ရပ် ရရှိလာဖို့ သမ္မတကြီးဦးသိန်းစိန်ဦးဆောင်တဲ့ ပြီးခဲ့တဲ့အစိုးရ ခေါင်းဆောင်တွေ၊ တပ်မတော်ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေဟာ နှစ်ရှည်လပေါင်းများ ဆွေးနွေးညှိနှိုင်းခဲ့ကြတာဖြစ်ပါတယ်။ အလုံးစုံပြီးပြည့်စုံပြီ မဆိုနိုင်ပေမယ့် ရန်ဘက် အသွင်ဆောင်၊ တိုက်ပွဲတွေ ဖော်ဆောင်ခဲ့ကြသူတွေအကြားမှာ အားလုံးသဘောတူ လက်ခံ နိုင်တဲ့ ပဋိဉာဉ်တစ်ရပ်ရရှိအောင် အပင်ပန်းခံပြီး စိတ်ရင်း စေတနာကောင်းနဲ့ စေ့စပ် ညှိနှိုင်း ဆွေးနွေးခဲ့ကြသူအားလုံးကိုလည်း တိုင်းရင်းသား ပြည်သူလူထုရဲ့ကိုယ်စား ကျေးဇူးတင်ရှိ ပါကြောင်း ကျွန်မအနေနဲ့ပြောကြားလိုပါတယ်။

ဒီကနေ့ ဒီအချိန်မှာ NCA ကနေ အစပြုခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ပစ်ခတ်တိုက်ခိုက်မှုတွေ လျော့နည်း ကျဆင်းလာအောင် အထောက်အကူပြုနိုင်ခဲ့သလို ကျွန်မတို့ရဲ့သမိုင်းကြောင်းတစ်လျှောက် ပြန်ကြည့်လိုက်မယ်ဆိုရင် ဘယ်ခေတ် ဘယ်အခါကမှ မပေါ်ပေါက်ခဲ့ဘူးတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို မျက်ဝါးထင်ထင် မြင်တွေ့နိုင်ရုံသာမက နိုင်ငံရေးသဘောတူညီချက်တွေကို ပြည်ထောင်စုသဘော တူညီချက်ရဲ့ အစိတ်အပိုင်းတွေအဖြစ် လက်မှတ်ရေးထိုးနိုင်တဲ့အခြေအနေအထိ တိုးတက်ရောက်ရှိ လာခဲ့ပါပြီ။

NCA လက်မှတ်မထိုးသေးသည့် အဖွဲ့များ ပါဝင်လာရေး

ဒါပေမယ့်လည်း ကျွန်မတို့ရဲ့ NCA ထီးရိပ်အောက်ကို ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ အစပိုင်းမှာ ထဲထဲဝင်ဝင်ပါဝင်၊ အားကြိုးမာန်တက် ဆွေးနွေးခဲ့ကြတဲ့ အစုအဖွဲ့အချို့ ပါဝင်လာနိုင်ခြင်း မရှိသေးပါဘူး။ အလားတူ အစိုးရနဲ့ နှစ်ဖက်သဘောတူညီချက် Bilateral Agreement တွေကို စောင့်ထိန်းလိုက်နာပြီး ပဋိပက္ခနဲ့ တိုက်ပွဲတွေကို ရှောင်ရှားနိုင်တဲ့ အစုအဖွဲ့တွေလည်း ပါဝင်လာနိုင်ခြင်း မရှိသေးပါဘူး။ ဒီအဖွဲ့တွေ ပါဝင်လာနိုင်ဖို့ကိုလည်း ကျွန်မတို့ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးတံခါး အစဉ်အမြဲ ဖွင့်လှစ်ထားပြီးတွေ့ဆုံဆွေးနွေး အဖြေရှာရေးလမ်းကြောင်းနဲ့ ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါတယ်။ အလုံးစုံအားလုံး ပါဝင်နိုင်ဖို့ အင်မတန်မှ ခက်ခဲနိုင်မယ်ဆိုတာ သိထားပေမယ့်လည်း ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့ ပြည်ထောင်စုရဲ့ သမိုင်းဝင်နိုင်ငံရေး ဆွေးနွေးပွဲတွေဟာ ဒီအဖွဲ့တွေ ပါဝင်လာနိုင်ခြင်း မရှိသေးတာကြောင့် ပြီးပြည့်စုံပြီလို့ မဆိုနိုင်သေးပါဘူး။ လစ်ဟာချက်ကို ဖြည့်ဆည်းနိုင်ဖို့ ကျွန်မတို့အနေနဲ့ အချိန်တိုင်း ဆက်ပြီးကြိုးစား နေဦးမှာပါပဲ။ ကျွန်မပြောကြားနေတဲ့ အခုအချိန်မှာ ဒီအဖွဲ့တွေ အားလုံးရဲ့ ကိုယ်စားလှယ်တွေဟာ ဒီကနေ့ ညီလာခံဖွင့်ပွဲခန်းမကြီးထဲမှာ ရောက်ရှိ နေကြပါပြီ။

ခုလို စုံစုံညီညီ ရောက်ရှိနေတဲ့ အစုအဖွဲ့အသီးသီးကို အလေးနက်ထားပြီး ရှင်းလင်းပြောကြားချင်ပါတယ်။ NCA ဟာ အင်အားစုအားလုံးကို ဆုံဆည်းနိုင်အောင် ဆောင်ကြဉ်းပေးခဲ့တဲ့ ဆုံမှတ်တစ်ခုဖြစ်သလို ကျွန်မတို့အားလုံးရဲ့ပန်းတိုင်ကို ဆက်ပြီး လျှောက်လှမ်းနိုင်အောင် အစပြုပေးခဲ့တဲ့ စမှတ်တိုင်တစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်မတို့ ဟာ NCA သဘောတူညီချက်တွေမှာပဲ ရပ်တန့်နေတာ၊ ရပ်ဆိုင်းနေတာ မဟုတ်ပါဘူး။ NCA ကနေ ထွက်ပေါ်လာတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ဆက်လက် ကြိုးပမ်းရင်းနဲ့ ပထမခြေလှမ်းအဖြစ်နဲ့ ပြည်ထောင်စုသဘောတူစာချုပ်ရဲ့ အစိတ်အပိုင်း (၁)ကို (၂၁)ရာစု ပင်လုံ၊ ဒုတိယအစည်းအဝေးမှာ ကျွန်မတို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီကနေ့ ကျင်းပတဲ့ ညီလာခံတတိယ အစည်းအဝေးရဲ့ နောက်ဆုံးရက်မှာ ပြည်ထောင်စု သဘောတူ စာချုပ်ရဲ့ အစိတ်အပိုင်း(၂)ကို ဒုတိယခြေလှမ်း အဖြစ်နဲ့ ကျွန်မတို့ လက်မှတ်ရေးထိုး နိုင်အောင် ဆွေးနွေးညှိနှိုင်းကြတော့မှာ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ပန်းတိုင်က ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေး ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ညီလာခံကြီး ဟာ အရေးကြီးတဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေကို ချမှတ်နိုင်ဖို့ ဆွေးနွေး ညှိနှိုင်းနေတဲ့ နိုင်ငံရေးဆွေးနွေးပွဲ စားပွဲဝိုင်းပါပဲ။ ပထမခြေလှမ်း တက်လှမ်းပြီးတဲ့နောက် ဒုတိယခြေလှမ်းကို ဆက်ပြီး တက်လှမ်းနိုင်ဖို့ ကျွန်မတို့ တစ်နှစ်လောက်အထိ အချိန်ယူခဲ့ ရပါတယ်။ ဒီညီလာခံကြီး အပြီးမှာလည်း ကျွန်မတို့ အားလုံးအနေနဲ့ တတိယခြေလှမ်းကို ဆက်လက်တက်လှမ်း နိုင်ဖို့ ကြိုးပမ်းကြရဦးမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ အထူးအလေးပေးပြီး ပြောကြားလိုတာကတော့ နိုင်ငံရေးပြဿနာတွေကို ညှိနှိုင်းဖြေရှင်းကြရာမှာ အရေးကြီးဆုံးက ကျွန်မတို့အားလုံး ရပ်တန့်မနေဘဲ ရှေ့ကိုဆက်ပြီး လျှောက်လှမ်းနေဖို့၊ ခြေတစ်လှမ်းနဲ့တစ်လှမ်းအကြား အခက်အခဲ အမျိုးမျိုး၊ စိန်ခေါ်မှုအဖုံဖုံ ဘယ်လိုပင် ကြံုတွေ့ရစေကာမူ စိတ်မပျက်၊ အားမလျှော့ဘဲ ရုန်းထရှင်သန်ပြီး ရှေ့ကိုလျှောက်လှမ်းနေဖို့၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို လျှောက်လှမ်းရာ ခရီးလမ်းပေါ်မှာ ခိုင်မာတဲ့ စိတ်ဓါတ်နဲ့ ဆက်ပြီးလျှောက်လှမ်းနိုင်အောင် သန္နိဌာန်နဲ့ အားထုတ် ကြိုးပမ်းနေကြဖို့ပဲ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ မပါဝင်နိုင်သေးတဲ့ အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်နိုင်ဖို့အတွက် ရှေ့ဆက် ဖြစ်နိုင်ချေနဲ့ ပကတိတည်ရှိနေတဲ့ လက်တွေ့အခြေအနေတွေကနေ စတင်ကြဖို့၊ ကျွန်မတို့နဲ့ အတူပူးပေါင်းပါဝင် လျှောက်လှမ်းကြဖို့ အလေးအနက်ထားပြီး တိုက်တွန်း ပြောကြားလို ပါတယ်။

ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့ပြည်ထောင်စုအတွက် ရေရှည် တည်တံ့ခိုင်မြဲတဲ့ ပြန်လည် သင့်မြတ်ရေးနဲ့ငြိမ်းချမ်းရေးအတွက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးတစ်ခုတည်းနဲ့ မလုံလောက်၊ မပြည့်စုံနိုင်ပါဘူး။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ကျွန်မတို့နိုင်ငံရဲ့ သမိုင်းတစ်လျှောက်မှာ ခေတ်အဆက်ဆက် အစိုးရအမျိုးမျိုးက ကိုယ်စီကိုယ်စီ ကြိုးပမ်း ခဲ့ကြပြီးဖြစ်ပါတယ်။ သေနတ်တစ်ချက်ဖောက်လိုက်တာနဲ့ ရရှိထားသော အပစ်ရပ် သဘောတူညီချက်တွေ ပျက်ပြယ်သွားပြီးတော့ လက်နက်ကိုင်ပဋိပက္ခ သံသရာမှာ ပြန်ပြီး လည်ခဲ့ရတာ အားလုံးအသိပဲဖြစ်ပါတယ်။ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ဆိုတာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အနှစ်နှစ်အလလ တောင်းဆိုချက်ပဲဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ ဇစ်မြစ်ဟာ ပင်ရင်းမူလအငြင်းပွားခဲ့ကြတဲ့ နိုင်ငံရေးပြဿနာတွေကို မဖြေရှင်းနိုင်လို့ ဆိုတာလည်း ကာလရှည်ကြာ လက်ခံထားခဲ့ကြပြီး ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့(၂၁)ရာစု ပင်လုံညီလာခံမှာ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ ဇစ်မြစ်ဖြစ်တဲ့ နိုင်ငံရေးပြဿနာတွေကို အကြေအလည် ညှိနှိုင်းဖြေရှင်းနိုင်ဖို့ ဒီကနေ့ ကြိုးပမ်းနေကြတာပဲ ဖြစ်ပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းစေဖို့အတွက် မတူကွဲပြားတဲ့ အင်အားစုတွေ အကြား အားလုံးသဘောတူ လက်ခံနိုင်တဲ့ နိုင်ငံရေးသဘောတူညီချက်တွေ၊ နိုင်ငံရေး ပဋိဉာဉ်တွေရရှိဖို့ အထူးပဲအရေးကြီးလှပါတယ်။ ပြည်သူ့ဆန္ဒနဲ့အညီ အစိုးရတာဝန်များကို ယခုထမ်းဆောင်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပါတီအဖြစ် စတင် ရပ်တည်ခဲ့ချိန်ကစပြီး နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်နိုင်မှသာ ဖြစ်မယ်ဆိုတဲ့ ယုံကြည်ချက်ကို စွဲစွဲမြဲမြဲ ခိုင်ခိုင်မာမာ ဆုပ်ကိုင်ခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း လက်နက်ကိုင် ပဋိပက္ခတွေချုပ်ငြိမ်းဖို့ ဖက်ဒရယ်စနစ်တည်ဆောက်ဖို့ လိုတယ်ဆိုတာကို အစဉ်တစ်စိုက် ပြောနေခဲ့တာပါ။ တစ်ချိန်က“ဖက်ဒရယ်”ဆိုတဲ့ ဝေါဟာရကို လုံးဝလက်မခံခဲ့တဲ့ ရပ်တည်ချက်တွေဟာ ပြောင်းလဲခဲ့ပြီး ဒီမိုကရေစီနဲ့ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်ကြိုးပမ်းဖို့ NCA စာချုပ်မှာပင် လက်မှတ်ရေးထိုးပြီး ကတိကဝတ်ပြုထားကြပြီးဖြစ်ပါတယ်။ သို့သော်လည်း ယခုတိုင် “ဖက်ဒရယ်” ကိစ္စနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ သဘောတူညီမှုတွေ မရယူနိုင်ကြခြင်းက ငြိမ်းချမ်းရေး ဖြစ်စဉ်ရဲ့ အပြီးအပိုင် အပြည့်အဝ၊ အောင်မြင်ခြင်းကို နှောင့်နှေးစေပါတယ်။ “ဖက်ဒရယ်” ဆိုတဲ့ အသုံးအနှုန်းကို အဓိပ္ပါယ််ကောက် လွဲမှားပြီး အဆိုးမြင်ကာ ငြင်းပယ်ခဲ့ကြတဲ့ ကာလ တစ်လျှောက်မှာ“ဖက်ဒရယ်” ဆိုတာ ခွဲထွက်ရေးဘက်ကို ပို့တဲ့စနစ်မဟုတ်၊ ညီညွတ်ရေး ကို ခိုင်မာစေမယ့်စနစ်ဖြစ်ကြောင်းကို ကျွန်မတို့ မမောမပန်း မရေတွက်နိုင်တော့တဲ့ အကြိမ်ပေါင်းများစွာပြောဆို ကြေညာခဲ့ပါတယ်။

ယခု NCA လက်မှတ်ရေးထိုးပြီးတဲ့ အဖွဲ့အစည်းများသာမက၊ ပြည်ထောင်စု တည်ဆောက်ရေးကို လိုလားတောင့်တသူအားလုံးဟာ ကျွန်မတို့လိုပဲ တွေးခေါ် လာကြပါပြီ။ ဒါကြောင့် “ဖက်ဒရယ်”ကို အကောင်အထည်ဖော်ရာမှာ အဓိကကျတဲ့ အခြေခံသဘောတရားတွေဖြစ်တဲ့ ပြည်ထောင်စုမှခွဲမထွက်ရေးမူ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မူများနဲ့ ပတ်သက်တဲ့အမြင်တွေ ညှိဖို့က အင်မတန်အရေးကြီးသလို၊ အင်မတန် နက်နဲ၊ သိမ်မွေ့တဲ့ကိစ္စဖြစ်ပါတယ်။ ယခုအစည်းအဝေးမှာ ဒီကိစ္စဆွေးနွေးရေး အစီအစဉ်ထဲမှာ မပါပေမဲ့ ဒီကိစ္စရဲ့ကြီးမားတဲ့အရေးပါမှုကို ကျွန်မတို့အားလုံး သတိရှိနေကြမယ်ဆိုတာ ယုံမှားသံသယရှိစရာ မလိုပါဘူး။ တစ်ချိန်ထဲမှာ နိုင်ငံသူနိုင်ငံသားများအတွက် အလုံခြံုဆုံး၊ အကောင်းဆုံးဖြစ်တဲ့၊ ငြိမ်းချမ်းသာယာတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးသို့ ဦးတည်ဖို့လိုတယ်ဆိုတာ အားလုံးနှလုံးသွင်းထားစေချင်ပါတယ်။ ကိုယ့်အတွက်၊ ကိုယ့်အစု အဖွဲ့အတွက်မဟုတ်၊ ကျွန်မတို့ ချစ်ခင်လေးစား တန်ဖိုးထားရတဲ့ ပြည်သူတွေ အတွက်သာဖြစ်ရပါမယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဟာ ကျွန်မတို့ နိုင်ငံ၊ ကျွန်မတို့ပြည်ထောင်စုကြီး အတွက် အလိုအပ်ဆုံး၊ အရေးကြီးဆုံး ပါပဲ။ တစ်ချိန်တည်းမှာပဲ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေကို ဦးရာလူ ခံစားရမယ် ဆိုတာမျိုးလည်း မဖြစ်စေချင် ပါဘူး။ ဒါပေမယ့် ကျွန်မတို့ရဲ့တိုင်းရင်းသား ပြည်သူတွေကတော့ အချိန်အများကြီး မစောင့်ဆိုင်းချင်ကြတော့ပါဘူး။

မိမိတို့နေထိုင်ရာ တိုင်းရင်းသားနယ်မြေဒေသတွေမှာ လွတ်လွတ် လပ်လပ် သွားလာနိုင်ဖို့၊ အေးအေးချမ်းချမ်းနဲ့ ပရိယေသန ရှာမှီးခွင့်ရရှိနိုင်ဖို့၊ ဒေသဖွံ့ဖြိုးရေး နဲ့ စီးပွားရေး အခွင့်အလမ်းတွေကို ကိုယ်တိုင်ပါဝင် ရွေးချယ်ခွင့်ရရှိနိုင်ဖို့ ကျွန်မတို့ ပြည်သူတွေ အချိန်ကာလအားဖြင့် နှစ်ပေါင်း(၇၀)ကျော် စောင့်ဆိုင်းခဲ့ရပြီးဖြစ်တဲ့ အတွက် ဆက်လက်ပြီး အချိန်ရှည်ကြာ မစောင့်ဆိုင်းနိုင်ကြတော့ပါဘူး။ ငြိမ်းချမ်းရေးဆိုတာ ဦးရာလူဝေစုစနစ် မဟုတ်ပေမယ့် အမြော်အမြင်ရှိတဲ့လူ၊ အားထုတ်မှု ရှိတဲ့သူတွေက နေထွက်လာတာကို ဦးဦးဖျားဖျား မြင်တွေ့ရသလိုပဲ ငြိမ်းချမ်းရေး အကျိုးကျေးဇူးကို အရင်ဆုံး၊ အဦးဆုံး ခံစားကြရမှာ အမှန်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်မတို့ နိုင်ငံရေး ဆွေးနွေးပွဲ ကြန့်ကြာမှု၊ နှောင့်နှေးမှုတွေကြောင့် ကျွန်မတို့ပြည်သူတွေရဲ့အခွင့်အလမ်း တွေကို အလဟဿ ဖြုန်းတီးရာ ရောက်ရှိသွားမှာကိုလည်း စိုးရိမ်မိကြောင်း အထူး အလေးအနက်ထားပြီး ထောက်ပြလိုပါတယ်။

ပြီးခဲ့တဲ့ ညီလာခံနဲ့ ဒီကနေ့ညီလာခံကြားမှာ ကျွန်မတို့ အချိန်အားဖြင့် တစ်နှစ် တင်းတင်း ကြာမြင့်ခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒီကြားထဲမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အမျိုးမျိုးအဖုံဖုံ ကြံုတွေ့ခဲ့ရပေမယ့်လည်း အင်အားစုအားလုံးရဲ့ ဆုံချက် ဖြစ်တဲ့ NCA ကို အခြေပြုပြီး ပြန်လည်သုံးသပ်ပြီးတော့ အလွတ်သဘော ဆွေးနွေးပွဲတွေ၊ ဘေးတိုက်ဆွေးနွေးပွဲတွေ ကြိမ်ဖန်များစွာ ပြုလုပ်ပြီး ဒီညီလာခံကို ကျင်းပနိုင်ခဲ့ တာပဲဖြစ်ပါတယ်။ ဒီနေရာမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ဘယ်လောက်ပဲရှိရှိ၊ ဘယ်လိုပဲကြံုကြံု ငြိမ်းချမ်းရေးကို မရ ရအောင် ကြိုးပမ်းမယ်ဆိုတဲ့ သန္နိဌာန်ရှိနေရင် ကျွန်မတို့အားလုံး အတူတစ်ကွ လက်တွဲပူးပေါင်းပြီး ကျော်လွှား နိုင်မှာပါ။ ကျွန်မတို့ ကြိုးစားရင် ရနိုင်တယ်ဆိုတာကို ပြီးခဲ့တဲ့ညီလာခံမှာ လက်တွေ့ မှတ်ကျောက် တင်ခဲ့ပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ညီလာခံအတွေ့အကြံုကို အခြေခံပြီး အစုအဖွဲ့ အသီးသီး က ပြန်လည်သုံးသပ်မှုတွေပြုလုပ်ခဲ့ကြတယ်။ ပိုမိုကောင်းမွန်တဲ့ နိုင်ငံရေး ဆွေးနွေးမှု ဖွဲ့စည်း တည်ဆောက်မှုအဆင့်ဆင့်ကို အားလုံးညှိနှိုင်းရေးဆွဲခဲ့ကြပြီးတော့ အခုညီလာခံကို ကျင်းပနိုင်ရေး ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာမူဘောင် ဆိုတာ လိုအပ်ရင်လိုအပ်သလို အစုအဖွဲ့အားလုံး သဘောတူညီချက်နဲ့ ပြန်လည်သုံးသပ် ပြင်ဆင်မှုတွေ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ကျွန်မတို့အစိုးရအနေနဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေ အရှိန်အဟုန် ပိုမိုကောင်းမွန်လာအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားပါမယ်။ အားလုံးသဘောတူ လက်ခံနိုင်ပြီး ယုံကြည်မှု ခိုင်ခိုင်မာမာ ရှိနိုင်မယ့် နိုင်ငံရေးဆွေးနွေးမှုနဲ့ ငြိမ်းချမ်းရေး မဟာဗျူဟာတစ်ရပ် ထွက်ပေါ်လာ နိုင်အောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လက်တွေ့ ကြံုတွေ့လာရတဲ့ အခက်အခဲတွေကို ထင်ဟပ်နိုင်တဲ့ မူဘောင်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို စဉ်တိုက်ဆက်တိုက် ဆောင်ရွက်သွားပြီး ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့ပြည်ထောင်စုရဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးပန်းတိုင် ဖြစ်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဖြစ်ထွန်းပေါ်ပေါက်လာရေးကို မမှိတ်မသုန် ဆက်လက်ကြိုးပမ်း ဆောင်ရွက် သွားမှာဖြစ်ကြောင်း အလေးအနက်ထား ပြောကြားလိုပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA အကောင်အထည် ဖော်မှုနဲ့ ပတ်သက်ပြီးတော့ လက်မှတ်ရေးထိုးထားတဲ့ အစုအဖွဲ့တွေ အားလုံးက အလေးထားဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။ NCA အရ အကောင် အထည်ဖော်မှုမှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးလုပ်ငန်းစဉ် ခိုင်မာရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲလုပ်ငန်းစဉ် အောင်မြင်ရေးဆိုပြီး နှစ်ပိုင်းရှိပါတယ်။ ဒီနှစ်ခုကလည်း တစ်ခုနဲ့ တစ်ခု အပြန်အလှန် သက်ရောက်မှုရှိနေတာ ဖြစ်ပါတယ်။ တစ်ဘက်ဘက်မှာ တင်းမာမှုတွေ၊ တစ်ဆို့မှုတွေ ဖြစ်ပေါ်လာရင် အခြားတစ်ဖက်ကို ရောင်ပြန်ဟပ်ပြီး တင်းမာမှုတွေ၊ တစ်ဆို့မှုတွေဖြစ်ပေါ်စေတတ်တဲ့ အခြေအနေတွေကို ကျွန်မတို့ ကြံုတွေ့ ခဲ့ကြပြီး ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို သတိပြုပြီးတော့ NCA ရဲ့ အသီးအပွင့် အနေနဲ့ ရရှိလာခဲ့တဲ့ ပဋိပက္ခဖြစ်ပွားမှုတွေ လျော့ကျလာခြင်း၊ တစ်ဘက်နဲ့တစ်ဘက် အငြင်းပွားမှုတွေ ပေါ်ပေါက်လာရင်စားပွဲဝိုင်းမှာ ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးညှိနှိုင်းခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စောင့်ကြည့်မှု ယန္တရားအဆင့်ဆင့်မှာ အရပ်သား၊ တိုင်းရင်းသားပြည်သူတွေ ပါဝင်မှုတိုးမြင့်လာခြင်းစတဲ့ ကောင်းမွန်တဲ့ အခြေအနေ ကောင်းတွေကို ဆက်လက်ထိန်းသိမ်းပေးဖို့ ပြောကြားလိုပါတယ်။ တစ်ဆက်တည်းမှာပဲ တင်းမာမှုတွေ၊ ပဋိပက္ခတွေ၊ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပေါ်လာရင် NCA သဘော တူညီချက်တွေကို လေးစားလိုက်နာပြီး NCA အရ ဖြစ်ပေါ်လာတဲ့ JMC ယန္တရားရဲ့ အခန်းကဏ္ဍကို လေးလေးစားစားရှိကြဖို့ အလေးအနက်ထား တိုက်တွန်းလိုပါတယ်။

အလားတူပဲ နိုင်ငံရေးဆွေးနွေးပွဲ စားပွဲဝိုင်းတွေမှာ ဖြစ်ပေါ်နေတဲ့ ကွဲလွဲမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ပါဝင်တဲ့ဆွေးနွေးဖက် အစုအဖွဲ့အသီးသီးအနေနဲ့ပိုမိုကွဲလွဲ စေနိုင်တာကို သတိထားရှောင်ရှားပြီး ပိုမိုဆုံဆည်း၊ ပိုမိုစုစည်းနိုင်စေမယ့် အခြေအနေ တွေကို ဦးတည်ပြီးတော့ အားလုံးလက်ခံနိုင်တဲ့ အဖြေတစ်ခုကို ဝိုင်းဝန်း ကြိုးစား ရှာဖွေပေးကြဖို့၊ အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို မျှော်မှန်းပြီး ဘက်တစ်ဘက်တည်း၊ အစုအဖွဲ့တစ်ဖွဲ့တည်းရဲ့ မူဝါဒတွေ၊ ရပ်တည်ချက်တွေ ပေါ်မှာပဲ ဖက်တွယ်မထားပဲ အားလုံးနဲ့ညှိနှိုင်းပြီး အပေးအယူ၊ အလျှော့အတင်းတွေနဲ့ စေ့စပ် ညှိနှိုင်းပြီးတော့ ကွဲလွဲမှုတွေကို ကျော်လွှားနိုင်ဖို့ အလေးအနက်ထား တိုက်တွန်းပြောကြားလိုပါတယ်။

အရေးကြီးဆုံးကတော့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်အရ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး လုပ်ငန်းစဉ်တွေ၊ နိုင်ငံရေးဆွေးနွေးမှု လုပ်ငန်းစဉ်တွေကို အထူးအလေးထား အာရုံစိုက်ပြီး အစုအဖွဲ့အသီးသီးက ကြိုးပမ်းဆောင်ရွက်နေကြချိန်မှာ ပဋိပက္ခဒေသမှာရှိနေတဲ့ ကျွန်မတို့ တိုင်းရင်းသားပြည်သူလူထုရဲ့ ဒေသဖွံ့ဖြိုးရေး၊ လူမှုစီးပွား အခြေအနေတွေ တိုးတက်ဖွံ့ဖြိုးရေးကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားဖို့ ကျွန်မတို့အစိုးရအနေနဲ့လည်းကောင်း၊ အစိုးရ-ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်ရေး Public-Private Partnership-PPP လုပ်ငန်းစဉ်တွေကတစ်ဆင့် လည်းကောင်း ကြိုးပမ်း ဆောင်ရွက်နေပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ဒီလုပ်ငန်းစဉ်မှာ သက်ဆိုင်ရာ အစုအဖွဲ့အားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်။

ကျွန်မတို့အားလုံး အတူတစ်ကွ လက်တွဲလျှောက်လှမ်းနေကြတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ပြည်ထောင်စုငြိမ်းချမ်းရေးလမ်းခရီးမှာ အန္တိမအဆုံး ပန်းတိုင် ဖြစ်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်ဟာ ၂၀၁၁ ခုနှစ်ကစတင်ပြီး ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အစုအဖွဲ့တွေအကြား ချုပ်ဆို ထားကြတဲ့ နှစ်ဘက်အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် Bilateral Agreement တွေကနေ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် ဖြစ်တဲ့NCA၊ ဒီကနေ တစ်ဆင့်ပြီးတစ်ဆင့် ပြည်ထောင်စု သဘောတူစာချုပ် Union Accord ရဲ့ အစိတ်အပိုင်းတွေအထိ တစ်ဆင့်ပြီးတစ်ဆင့် ခရီးပေါက်လို့ ရှေ့ကိုရောက်လာ ခဲ့ပါပြီ။

ကျွန်မတို့အားလုံး လက်တွဲပူးပေါင်းပြီး လျှောက်လှမ်းကြမယ်လို့ စိတ်ပိုင်းဖြတ် သန္နိဌာန်ချမှတ်ထားကြပြီး ဖြစ်တဲ့အလျောက် ရှေ့ကိုပေါက်အောင်ဆက်လက်ပြီး ရှေ့ကိုရောက်အောင် လျှောက်လှမ်းကြရာမှာ တစ်လှေတည်းစီး တစ်ခရီးတည်း သွားနေကြတဲ့ သူတွေအချင်းချင်း တစ်ဦးနဲ့တစ်ဦး ရိုင်းပင်းကူညီကြဖို့ အရေးကြီး ပါတယ်။ ပန်းတိုင်တူ၊ လမ်းကြောင်းတူနေပြီဖြစ်တဲ့ ဒီလိုအချိန်မှာ တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆိုသလို ဝိဝါဒကွဲပြားစရာအဖြေရှာမှုတွေ ထွေပြား မြားမြောင် လာမယ်ဆိုရင် အားလုံးမျှော်မှန်းတဲ့ရလဒ်နဲ့လည်း ဝေးကွာလာနိုင်တာကို အထူး သတိ ပြုကြဖို့ ပြောကြားလိုပါတယ်။ အားလုံး ညှိနှိုင်းလက်ခံပြီးတဲ့နောက်မှာ အခုတစ်မျိုး တော်ကြာတစ်မျိုး အနေအထားတွေ မကြာခဏဖြစ်ပေါ်လာရင် ယုံကြည်မှုတွေ ပျက်ပြားသွားစေနိုင်သလို ငါ့မြင်းငါစိုင်းဆိုတဲ့ အခြေအနေတွေနဲ့လည်း ကြံုတွေ့လာရ နိုင်ပါတယ်။ ငြိမ်းချမ်းရေးဟာ ဖိအားပေးပြီး ရယူနိုင်တာမျိုး မဟုတ်ဘဲ နားလည်မှု၊ ယုံကြည်မှုတွေနဲ့ တည်ဆောက်ကြရတာမျိုး ဖြစ်ပါတယ်။ အမှောင်ထုကို အမှောင်ထုနဲ့ ဖြိုခွင်းနိုင်မှာမဟုတ်ဘဲ အလင်းတန်းနဲ့သာ ဖြိုခွင်းဖယ်ရှားနိုင်တာ ဖြစ်ပါတယ်။ NCA လက်မှတ်မထိုး ရသေးတဲ့အဖွဲ့တွေ၊ ငြိမ်းချမ်းရေးအလင်းရောင် ရစေမယ့်ဖြစ်စဉ်မှာ မပါဝင်ကြသေးတဲ့ အင်အားစုတွေ၊ ပုဂ္ဂိုလ်တွေကို၊ ကျွန်မတို့ ပြည်ထောင်စုကြီးအပေါ် စေတနာထား၊ သစ္စာစောင့်ပြီး ပါဝင်လာဖို့ ဖိတ်ခေါ်ပါတယ်။ အစဉ်အမြဲ ကြိုဆိုလျက်ပါ။

ဒီကနေ့ ဒီအချိန်မှာ အားလုံးသိတဲ့အတိုင်း နိုင်ငံတကာနဲ့ဒေသတွင်း ဆက်ဆံရေး အခြေအနေတွေအရ ကျွန်မတို့နိုင်ငံအနေနဲ့ ကျွန်မတို့ ပြည်ထောင်စုသား တိုင်းရင်းသားတွေ အားလုံး စုစည်းညီညွတ် ပေါင်းစည်းနိုင်ကြတယ်ဆိုတာ ပြသနိုင်ဖို့ အထူးပဲ အရေးကြီး နေပါပြီ။ ဒါဟာ ပစ္စုပ္ပန် ရဲ့လိုအပ်ချက်၊ သမိုင်းရဲ့တောင်းဆိုချက်၊ အနာဂတ် အတွက် ပြင်ဆင်ချက်တွေလည်း ဖြစ်နေပါပြီ။ ခေါင်းဆောင်များ အားလုံးပဲ တွေးဆ မြင်ယောင်ကြည့်ကြပါ။ အိမ်ထောင်စုတစ်စု မညီမညွတ်၊ ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင်၊ အိမ်သားအချင်းချင်း ရန်ဖြစ်စကားများ ပဋိပက္ခတွေဖြစ်ပွားပြီး ဆူဆူညံညံဖြစ်နေတဲ့ အနေအထားမျိုးနဲ့ ကျွန်မတို့ ပြည်ထောင်စုကြီးက သံသရာလည်လာခဲ့တာ နှစ်ပေါင်း (၇၀)ကျော်တဲ့အထိ ကြာမြင့်နေပါပြီ။ ဒီအနေအထားကို အပြင်က ဘယ်သူကမှလာပြီး ပြုပြင်ပေးလို့ မရပါဘူး။ ဒီပြည်ထောင်စုကြီးထဲမှာ အေးအတူပူအမျှ အတူတစ်ကွ နေထိုင်နေကြတဲ့ ကျွန်မတို့ကိုယ်တိုင်က ပြုပြင်ပြောင်းလဲနိုင်မှ ရနိုင်မှာပါ။ ဒီအခွင့်အရေးဟာ ဒီကနေ့ ဒီခန်းမကြီးထဲမှာ ရောက်ရှိ နေကြတဲ့ အင်အားစု အသီးသီးက ခေါင်းဆောင်တွေရဲ့ လက်ဝယ်မှာ ရှိနေပါတယ်။ ကျွန်မတို့ရဲ့ နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးကို ညီညီညွတ်ညွတ်နဲ့ ထုဆစ်ပုံဖော်ဖို့ သမိုင်းပေးတာဝန်ဟာ ကျွန်မတို့အားလုံးရဲ့ ပုခုံးပေါ်မှာ ရောက်ရှိနေပါပြီ။

ဒီတာဝန်ဟာ ကြီးလေးတယ်၊ လေးလံတယ်၊ ဖိအားများတယ်ဆိုပြီး ကျွန်မတို့ ရှောင်လွှဲကြ မှာလား။ ဘယ်လောက်ပဲ ကြီးလေးကြီးလေး၊ ဘယ်လောက်ပဲ လေးလံ၊ လေးလံ ညီညွတ်မှုနဲ့ စုပေါင်းအင်အား သာရှိမယ်ဆိုရင် ဒီအခြေအနေတွေကို တစ်မဟုတ်ချင်း ကျွန်မတို့ ပြောင်းလဲပစ်နိုင်ပါတယ်။ ဒီလိုပြောင်းလဲပစ်နိုင်မယ့် အခွင့်အရေးကလည်း ကျွန်မတို့အားလုံးရဲ့ ရှေ့မှောက် လက်တစ်ကမ်းအကွာမှာ ရှိနေပါပြီ။

ကျွန်မတို့အစိုးရအနေနဲ့ ပင်လုံညီလာခံအစည်းအဝေးနှစ်ကြိမ် ကျင်းပပြီးပါပြီ။ ညီလာခံ မကျင်းပနိုင်သေးတဲ့ကာလတွေမှာလည်း NCA လက်မှတ်ရေးထိုးပြီးအဖွဲ့များ အပြင် မထိုးရသေးတဲ့အဖွဲ့တွေနဲ့လည်း အလွတ်သဘောဆွေးနွေးပွဲတွေ ပုံမှန်လိုလိုပဲ ရှိနေခဲ့ ပါတယ်။ လက်ရှိ ၂၀၁၈ ခုနှစ် အတွင်းမှာ နောက်ထပ် ညီလာခံ(၁)ကြိမ်၊ လာမယ့် ၂၀၁၉ ခုနှစ် အတွင်းမှာ နောက်ထပ် ညီလာခံ (၂)ကြိမ်၊ ၂၀၂၀ ပြည့်နှစ် မတိုင်မီ နောက်ထပ် ညီလာခံ(၃)ကြိမ် ကျင်းပနိုင်ဖို့၊ ဒီညီလာခံ(၃)ကြိမ်မှာ အရေးကြီးလှတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာ အခြေခံမူတွေ အပြီးအပြတ် ချမှတ်ပြီး အနာဂါတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအတွက် အခြေခံအုတ်မြစ်တွေ ခိုင်ခိုင်မာမာ တည်ဆောက်ပေး နိုင်ဖို့ မျှော်မှန်းထားပါတယ်။ ဒီမျှော်မှန်းချက်ဟာ မဖြစ်နိုင်တဲ့အတွက် စိတ်ကူး ယဉ်သက်သက် မျှော်မှန်းချက်မဟုတ်ပါဘူး။ ကျွန်မတို့ နိုင်ငံ၊ ကျွန်မတို့ ပြည်ထောင်စု အတွက် မျှော်မှန်းသင့်မျှော်မှန်းထိုက်တဲ့၊ ဖြစ်နိုင်တဲ့၊ ရနိုင်တဲ့ မှတ်တိုင်တစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒီကနေ့ တက်ရောက်လာကြတဲ့ အစုအဖွဲ့အသီးသီးက ခေါင်းဆောင်များ အနေနဲ့ လက်တွေ့ကျပြီး ရေတိုအကောင်အထည်ဖော်နိုင်မယ့် ဒီမျှော်မှန်းချက်ကို ကျွန်မတို့ အစိုးရနဲ့အတူ သန္နိဌာန်ချ၊ စိတ်ပိုင်းဖြတ်ပြီး ကြိုးပမ်းဆောင်ရွက်ပေးကြဖို့ အလေး အနက်ထား မေတ္တာရပ်ခံ တိုက်တွန်းပြောကြားလိုပါတယ်။

နိဂုံး

နိဂုံးချုပ်အနေနဲ့ ကျွန်မတို့အစိုးရရဲ့ ရေရှည်မျှော်မှန်းချက်က ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်နေကြရပြီလို့ ယုံကြည်ပါတယ်။ ကျွန်မတို့ မျိုးဆက်သစ်တွေအတွက် စစ်မက် ကင်းစင်ပြီး ငြိမ်းချမ်းတည်ငြိမ်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ဖို့၊ ကျွန်မတို့ ရှေ့ကခေါင်းဆောင်ကြီးတွေ အားလုံးရဲ့ မျှော်မှန်းချက်တွေကို တတ်နိုင်သမျှ ဖြည့်ဆည်း ပေးနိုင်ဖို့၊ စစ်မက်ပဋိပက္ခတွေကြားမှာ နစ်မွန်းနေခဲ့ရတဲ့ မျှော်လင့်ချက်တွေကို လင်းလက်တောက်ပလာစေဖို့ ကျွန်မတို့ မလျှော့တဲ့စိတ်အင်အားနဲ့ ဆက်လက်ကြိုးပမ်း သွားမှာဖြစ်ပါတယ်။ ခေတ်အဆက်ဆက် မျှော်လင့်ခဲ့ရပြီး ဝေးကွာခဲ့ရတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကို ဆောင်ကြဉ်းနိုင်ဖို့ ကျွန်မတို့အားလုံး စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ အားထုတ်ကြိုးပမ်းသွားကြ စေလိုကြောင်း တိုက်တွန်း ပြောကြားလိုပါတယ်။ ဘယ်သူတွေဟာ အမှန်တကယ် ငြိမ်းချမ်းရေး လိုလားတယ်၊ ဘယ်သူတွေဟာ ပြည်ထောင်စုအကျိုးကို ကိုယ့်အကျိုး၊ ကိုယ့်အစုအဖွဲ့ အကျိုးထက် တန်ဖိုးထားတယ်ဆိုတာ၊ ဒီ(၂၁)ပင်လုံ ညီလာခံ အစည်းအဝေးတွေမှာ ပေါ်လွင်လာမှာပါ။ ပြည်သူတွေက ကြည့်နေကြပါတယ်။ ပြည်သူတွေက သိလာကြမှာပါ။

ကျေးဇူးတင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly