ကျားဖြူ (ခေါ်) ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထားသူနှစ်ဦး အသက်မပြည့်၍ ပယ်ချခံရ

ကျားဖြူ (ခေါ်) ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထားသူနှစ်ဦး အသက်မပြည့်၍ ပယ်ချခံရ

တောင်ကြီး၊ စက်တင်ဘာ ၂ ။             ။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ရုံးစိုက်သည့် ကျားဖြူ (ခေါ်) ရှမ်းတိုင်းရင်းသားများ ဒီမိုက ရက်တစ်ပါတီမှ ရှမ်းပြည်နယ်လွှတ်တော် ပင်လောင်းမြို့နယ် မဲဆန္ဒ နယ်အမှတ်(၁)နှင့် မိုင်းလားမြို့ နယ် မဲဆန္ဒနယ်အမှတ် (၁)တို့တွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံရန် အမည်စာရင်း တင်သွင်းထား သူ နှစ်ဦးမှာ အသက်မပြည့်သေး၍ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းမှ ပယ်ချခံခဲ့ ရသည်။

လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း ပယ်ချခံရမှုနှင့် ပတ်သက်၍ ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဒေါ်နန်းသန်းသန်းရွှေ ထံသို့ ဆက်သွယ်မေးမြန်း ခဲ့ရာ “ကျွန်မတို့ပါတီက နှစ်ယောက် ပယ်ချခံရပါတယ်။ ပင်လောင်းပြည်နယ်(၁) က တစ်ဦး၊ မိုင်းလားပြည်နယ်(၁)က တစ်ဦးပါ။ နှစ်ယောက်လုံး အသက်မပြည့်လို့ ပယ်ချခံရတာပါ” ဟု ပြောကြား ခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း ပယ်ချခံရသူများမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြုအဖြစ် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထား သော ဦးခွန်ကျော်ခမ်းထီနှင့် ကျိုင်းတုံခရိုင်၊ မိုင်းလားမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထားသော ဦးစိုင်းကျော်ဝင်း တို့ဖြစ်ကြောင်း သိရှိရသည်။

“ဥပဒေမှာ အမည်စာရင်း တင်သွင်းတဲ့နေ့မှာ ၂၅ နှစ်ပြည့်ပြီး ဖြစ်ရမယ်ဆိုတာ ရှိတယ်။ သူတင် သွင်းတဲ့နေ့က သြဂုတ်လ ၄ ရက်နေ့မှာ ဖြစ်တယ်။ တင်တဲ့နေ့မှာ အသက်မပြည့်သေးဘူး။ လျှောက် လွှာပိတ်တာက ၁၄ ရက်နေ့။ သူ့အသက်ပြည့်တာက ၁၉ ရက်နေ့။ အဲဒါကြောင့် အသက်မပြည့်လို့ ပယ်ချခဲ့တာပါ” ဟု ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသန်းဝင်း က ရှင်းပြသည်။

ဦးစိုင်းကျော်ဝင်းအား ပယ်ချခံရမှုနှင့် ပတ်သက်၍ ကျိုင်းတုံခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသို့ ဆက်သွယ်မေးမြန်းခဲ့ရာ အဆက်အသွယ်ရရှိခဲ့ခြင်း မရှိပေ။ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း(၅)၊ ပုဒ်မ ၈၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁)တွင် အသက် (၂၅)နှစ်ပြည့်ပြီး ဤဥပဒေပါ ပြဌာန်းချက်များနှင့် မဆန့်ကျင်သူဟု ပါရှိပြီး ကျားဖြူ (ခေါ်) ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီအနေဖြင့် ရှမ်းပြည် နယ်လွှတ်တော်အတွက် ဝင်ရောက်ရွေးချယ်ခံရန် အမည်စာရင်း တင်သွင်းထားသူ ၈၃ ဦးအထိ ရှိကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly