ခြိမ်းခြောက်ငွေတောင်းခဲ့သော သတင်းထောက်များအား အရေးယူ

ခြိမ်းခြောက်ငွေတောင်းခဲ့သော သတင်းထောက်များအား အရေးယူ
ဓာတ်ပုံ - ရဲဇာနည်

 

ရန်ကုန်၊ ဇူလိုင် ၁၀ ရက်။        ။ နေပြည်တော်မှ တိုက်ရိုက်လွှတ်လိုက်သည့် ထောက်လှမ်းရေး သတင်းထောက်များဟု ဆိုကာ ခြိမ်းခြောက် ငွေကြေးတောင်းယူခဲ့ကြသည့် အမျိုးသားလေးဦးအား စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်ရဲစခန်းမှ အရေးယူလိုက်သည်။

အဆိုပါ လေးဦးမှာ နေပြည်တော်တိုင်း (မ်) မှုခင်းသတင်းထောက် (မော်လိုက်ခရိုင်တာဝန်ခံ) များဖြစ်ကြသည့် မောင်ဆန်း၊ ၃၆ နှစ် (ဖ) ဦးညွန့်၊ ရှောက်တောကျေးရွာ၊ ပွင့်ဖြူမြို့နယ်၊ အောင်ဖြိုးဝေ၊ ၂၁ နှစ် (ဖ)ဦးညွန့်၊ ရှောက်တောကျေးရွာ၊ ပွင့်ဖြူမြို့နယ်၊ မောင်စိုး၊ ၅၄ နှစ် (ဖ)ဦးအောင်ရှိန်၊ ကံကြီးကျေးရွာ၊ ကလေး မြို့နယ်နှင့် ကီးအောင်မင်း၊ ၄၆ နှစ်(ဖ)ဦးလေဟာကီး၊ ကြံသာကျေးရွာ၊ ကလေးမြို့နယ်နေသူ တို့ဖြစ်သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၉ ရက် နေ့လည် ၁ နာရီ အချိန်ခန့်က ဖောင်းပြင်မြို့နယ်၊ သရက်ကုန်းကျေးရွာနေ ဦးထွန်းရင်သည် နန်းမော်လိုက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထိန်လင်း၏နေအိမ်တွင် မိတ်ဆွေဖြစ်သူ ဦးသန်းရွှေ ရောက်ရှိနေကြောင်း သိရှိရ၍ လိုက်သွားခဲ့သည်ဟု ဆိုသည်။

ထို့နောက် အုပ်ချုပ်ရေးမှူး၏ နေအိမ်တွင် အမည် မသိအမျိုးသား (၄) ဦး တွေ့ရှိရပြီး ဦးခင်မောင်ဝင်း၏ နေအိမ်ခြံဝန်း၌ အထကခွဲနှင့် ဝန်ထမ်းအိမ်ရာ ဆောက်ရန် သစ် ၁ တန်ခန့်တွေ့ရှိပြီး ဥပဒေနှင့် ငြိစွန်း၍ ဓာတ်ပုံရိုက်ထားကြောင်းနှင့် ကျေးရွာအတွင်းမှ သစ်စက်လုပ်ကိုင်သူ (၁၀) ဦး စာရင်း ရှိကြောင်း၊ တစ်ဦးလျှင် တစ်သိန်းခွဲနှုန်းဖြင့်စီ ပေးရမည်၊ မပေးလျှင် ရိုက်ပုတ်နှိပ်စက်မည်ဟု ခြိမ်းခြောက်ခဲ့သည့်အတွက် ငွေ (၁၀) သိန်း ထုတ်ပေးခဲ့ရသည်ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို (၄) ဦးမှာ ၂၀၁၈ ခုနှစ် ဇူလိုင် ၁ ရက်နေ့ ညနေ ၃ နာရီ အချိန်ခန့်ကလည်း စစ်ကိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ဟဲလှော်ကျေးရွာနေ ဒေါ်မြင့်အုန်း၏ နေအိမ်စျေးဆိုင်သို့ အရက်ရောင်းသည်ဟုဆိုကာ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြီး ငွေ (၂) သောင်း တောင်းယူခဲ့သည့် ဖြစ်စဉ်ကိုပါ ထပ်မံ စစ်ဆေးတွေ့ရှိလာရသဖြင့် တည်ဆဲဥပဒေဖြင့် အရေးယူလျက်ရှိသည်ဟု ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly