မြိတ်မြို့၌ မီးပွိုင့်များတပ်ဆင်နိုင်ရန် တိုင်းအစိုးရသို့ ဘတ်ဂျက် သိန်း ၁၀၀၀ တင်ပြ

မြိတ်မြို့၌ မီးပွိုင့်များတပ်ဆင်နိုင်ရန် တိုင်းအစိုးရသို့ ဘတ်ဂျက် သိန်း ၁၀၀၀ တင်ပြ

 

မြိတ်၊ ဇူလိုင်လ ၁၀ ။        ။ မြိတ်မြို့ မြို့ပေါ်ရပ်ကွက်များရှိ ယာဉ်တိုက်မှုအများဆုံး ဖြစ်ပွားနေသည့် လမ်းဆုံလမ်းခွ ၆ နေရာတွင် မီးပွိုင့်များ တပ်ဆင်နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ဘတ်ဂျက်ငွေ ကျပ်သိန်းပေါင်း ၁၀၀၀ နီးပါးကို တင်ပြတောင်း ခံသွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

မြိတ်မြို့နယ်၊ ကန်ဖျားနယ်မြေရှိ ဗန္ဓုလလမ်းဆုံနှင့် ရွှေနှင်းဆီစားသောက်ဆိုင်အနီးတွင် ၁ နေရာ၊ ကြံတော လမ်းဆုံနှင့် မြိတ်ရွှေသွေး လက်ဘက်ရည်ဆိုင် အနီးတွင် ၁ ရာ၊ မြိတ်တောင်ကျေးရွာ အရှေ့သိမ်ကျောင်းနှင့် အုပ်ချုပ်ရေးမှူးရုံး အနီးတွင် ၁ နေရာ၊ မြိတ်တောင်နယ်မြေ စန်းသိရီ လမ်းဆုံးတွင် ၁ နေရာ၊ ကလွင်ကျေးရွာ အုပ်စု၊ တောရကျောင်းလမ်းဆုံ ၁ နေရာနှင့် ကွက်သစ်လမ်းဆုံ ၁ နေရာတို့တွင် မီးပွိုင့်များကို ၆ နေရာ၌ တပ်ဆင်သွားမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။

လက်ထောက် အင်ဂျင်နီယာ (မြို့ပြ) ဦးစိန်ဝင်းက “၀န်ကြီးချုပ် ခရီးစဉ်တစ်ခုမှာ ပြည်သူတစ်ဦးက တင်ပြ တောင်းဆိုလို့ ၊ မြိတ်မှာ လမ်းဆုံလမ်းခွတွေမှာ ယာဉ်တိုက်မှုတွေ မကြာခဏ ဖြစ်ပွားနေလို့ မီးပွိုင့်တွေ တပ်ဆင်ပေးဖို့ တင်ပြထားတာပါ၊ ဒီအတွက်ကြောင့် အစိုးရအဖွဲ့ကို ဘတ်ဂျက်ငွေ ကျပ်သိန်းပေါင်း ၁၀၀၀ ကို တင်ပြတောင်းဆိုသွားမည်”ဟု ပြောသည်။

မြိတ်မြို့တွင် လက်ရှိ ထားဝယ်ကမ်း လမ်းဆုံ၊ ကရာနီလမ်းဆုံ၊ ဂေါက်ကွင်းလမ်းဆုံနှင့် ကန်ဖျား လမ်းမကြီးတို့ တွင် မီးပွိုင့်များ တပ်ဆင်ထားသော်လည်း ကန်ဖျားလမ်းဆုံတွင် စက်ချို့ယွင်းနေ၍ စည်ပင်သာယာရေးအဖွဲ့မှ ဘတ်ဂျက်ငွေဖြင့် ကျပ်သိန်း ၅၀ ဖြင့် ပြန်လည်ပြုပြင်ထားကြောင်း သိရသည််။

အထက်ပါ ၆ နေရာ၌ မီးပွိုင့်များကို အသစ် တပ်ဆင်နိုင်ရန် ကျပ်သိန်းပေါင်း ၁၀၀၀ ကို ဇူလိုင်လအတွင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly