ကြိုတင်မဲပေးရင် သတိပြုဖို့

ကြိုတင်မဲပေးရင် သတိပြုဖို့

ကြိုတင်မဲပေးရတော့မည်။ ရွေးကောက်ပွဲ မဲမပေးရမီ နှစ်ရက်အလိုတွင် ဖြစ်သည်။ ထို့ကြောင့် တစ်နိုင်လုံး ချိမ့်ချိမ့်သဲသဲ ကျင်းပတော့မည့် နိုဝင်ဘာ ၈ ရက် မရောက်ခင် နိုဝင်ဘာ ၆ ရက်တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်၏ ရပ်/ကျေး ကော်မရှင် အဖွဲ့ခွဲရုံးများ၌ ကြိုတင်မဲပေးနိုင်ကြမည် ဖြစ်သည်။

ယင်းသို့ ကြိုတင်မဲ ပေးကြရမည် ရှိရာ၌ အနာကြီးရောဂါ စွဲကပ်နေသူများ၊ ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားနေရသူများ၊ အသက်အရွယ် ကြီးရင့်နေသူများ၊ သားဖွားရန် ရှိသူများ အကျုံးဝင်သည် ဟုဆိုသည်။

သို့ရာတွင် အစိုးရ၏ ခွင့်ပြုချက်ဖြင့် ပြည်ပသို့ တရားဝင် သွားရောက်နေထိုင်သူများသည် သံရုံးများ တွင်လည်းကောင်း၊ မဲဆန္ဒနယ် ပြင်ပ၌ ရောက်ရှိနေသော တပ်မတော်သားများနှင့် အတူနေ အိမ်ထောင်စု များ၊ကျောင်းသားများ၊ သင်တန်းသားများ၊ အချုပ်ခံနေရသူများ၊ ဆေးရုံတက်ရောက်ကုသနေသူများသည်လည်း သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲများမှ တစ်ဆင့်ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် ထံတွင်လည်းကောင်း ကြိုတင် မဲပေးနိုင်ကြသေးသည်။

မဲပေးရမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် အရေးကြီးနိုင်ငံတော် တာဝန်ဖြင့်သော်လည်းကောင်း၊ ကျန်းမာရေး နာရေးကဲ့သို့သော အရေးကြီး ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များကြောင့်သော်လည်းကောင်း မလွှဲမရှောင်သာ ခရီး လွန်ကြရမည့်သူများ မည်သို့မဲပေးရမည်ဆိုသည်ကိုမူ ရှင်းလင်းဖော်ပြထားခြင်း မတွေ့ရှိရချေ။

ထိုသို့ ကြိုတင်မဲပေးနိုင်ကြောင်း သတင်းအချက်အလက်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က စက်တင်ဘာလ ၁ ရက်က ရန်ကုန်မြို့ ပါ့ခ်ရွိုင်ယယ်ဟိုတယ်၌ ကျင်းပ သည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ယင်းသို့ အသိပေးပြောကြားလိုက်ခြင်း ဖြစ်သည်။

ဤတွင် မဲပေးရာမှာ သတိပြုရမည့် အချက်များကို လက်ဆင့်ကမ်း ဖော်ပြရန် လိုအပ်လာသည်။ ဦးစွာပထမ မဲလက်မှတ်ရယူသည့်အခါ မဲလက်မှတ်အကောင်းအတိုင်း ဟုတ်မဟုတ် စစ်ဆေးပြီးမှ လက်ခံရ ယူရန် ဖြစ်သည်။မဲလက်မှတ်သည် ယူစဉ်အကောင်း၊ မိမိ၏လက်ဝယ်ရောက်ရှိပြီးမှ အကြောင်းတစ်ခုခု ကြောင့် စုတ်ပြဲစွန်းထင်းသွားလျှင် မဲလက်မှတ်အသစ် လဲပေးရန် တောင်းဆိုခွင့်မရှိသည့်ပြင် မဲရုံမှူးက လည်း မဲလက်မှတ်အသစ် တစ်ရွက် ထပ်ထုတ်ပေးမည် မဟုတ်သောကြောင့် မဲဆန္ဒရှင်များသည် မဲလက်မှတ် ထုတ်ပေး စဉ်ကတည်းက ပယ်မဲ မဖြစ်ရလေအောင် မဲလက်မှတ်ကို သေချာစွာ စစ်ဆေးကြည့် ရှုရန် လိုအပ်မည် ဖြစ်သည်။

ဒုတိယအရေးကြီးသည်မှာ တံဆိပ်တုံး ထုနှိပ်သည့်ကိစ္စဖြစ်သည်။ မဲဆန္ဒရှင်ပြည်သူများသည် မဲလက်မှတ်ပေါ်တွင် တံဆိပ်နှိပ်လိုက်ရာတွင် မထင်မရှားဖြစ်နေ၊ (ဝါ) မှေးမှိန်နေလျှင်ဖြစ်စေ၊ မိမိဆန္ဒပြုလိုသော အကွက်အတွင်းသို့ တံဆိပ်တုံးတစ်ခုလုံး မကျရောက်ခဲ့လျှင်ဖြစ်စေ တံဆိပ်တုံးကို နောက်တစ်ကြိမ် ထပ်မံမနှိပ်မိစေရန် အထူးအရေးကြီးကြောင်း သတိချပ်ကြစေလိုသည်။

တံဆိပ်တုံးကို တစ်ကြိမ်ထက်ပို၍ နှိပ်ထားသည့် မဲလက်မှတ်များအားလုံးသည် ပယ်မဲဖြစ်သွားမည်ဖြစ်၍ ဤအချက်ကို မဲပေးကြမည့် ပြည်သူများ အထူးသတိထားစေလိုပေသည်။ ယခုဖော်ပြပါ အချက်တို့မှာ ကြိုတင်မဲအတွက် ကြိုတင်သတိပေးချက် ဖြစ်သော်လည်း မဲပေးမည့် ပြည်သူအားလုံး သတိပြုကြရမည့် အရေးကြီးအချက်များ ဖြစ်ကြပေသည်။

ရွေးကောက်ပွဲ ကျင်းပသောနေ့ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ရောက်ရှိလာသော ကြိုတင်မဲများကို မဲရုံပိတ်ချိန် ညနေ လေးနာရီ မတိုင်မီ မဲရုံများသို့ပေးပို့ကြရမည် ဖြစ်ကြောင်းဆို သည်။

မိမိတို့၏ အနာဂတ် ဘဝကံကြမ္မာကို အဆုံးအဖြတ်ပြုမည့် ပါတီကို ရွေးချယ်မဲပေးကြရာတွင် မိမိလက်ထဲမှ အဖိုးတန်မဲတစ်ပြား၊ တစ်နည်းအားဖြင့် အသည်းကြားက မဲတစ်ပြားက ပယ်မဲဖြစ်မသွား ရလေအောင် ဆိုခဲ့သည့် အချက်များကို အထူးသတိပြု လိုက်နာကြရန် မဇ္ဈိမက တိုက်တွန်းအပ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags