ကြိုတင်ကာကွယ်မှုများကြောင့် မန္တလေးတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု သိသိသာသာ လျော့ကျ

ကြိုတင်ကာကွယ်မှုများကြောင့် မန္တလေးတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု သိသိသာသာ လျော့ကျ
မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကျွန်းလုံးဥသျှောင်ရပ်ကွက်တွင် ဇွန်လ ၇ ရက်က ခြင်ဆေးဖြန်းနေစဉ်/ (ဓာတ်ပုံ၊ကိုမြင့်အောင်မိုး)

မန္တလေး ၊ ဇူလိုင် ၁၀ ။                            ။ မန္တလေးတိုင်းဒေသကြီးအတွင်း ဖုံးသွန်လဲစစ်လုပ်ငန်းများနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စီမံချက်ဖြင့် ဆောင်ရွက်နေခြင်းကြောင့် ယခုနှစ်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုလျှော့နည်း လာသည်ဟု တိုင်းကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာတင့်ဝေကပြောသည်။

"သွေးလွန်တုပ်ကွေးက နေ့ခင်းဘက်ကိုက်တဲ့ ခြင်တွေကြောင့်ဖြစ်တာပါ။ အိမ်အတွင်းခိုနားလေ့ရှိပြီး အလင်းရောင်နည်းတဲဲ့ နေရာတွေမှာ နေတဲ့သူတွေ ကိုက်ခံရလို့ဖြစ်ပွားတယ်။ ဒါကြောင့် စီမံချက်နဲ့ ဖုံးသွန်လဲစစ်ကို အပတ်စဉ်လုပ်တာတွေကြောင့် ဖြစ်ပွားမှုက သိသိသာသာလျော့သွားတယ်။"ဟု ဒေါက်တာတင့်ဝေကပြောသည်။

ယခင်နှစ်က မန္တလေးတိုင်းအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ရ၀၀ ရှိခဲ့ပြီး ယခုနှစ်တွင် ၂၅၀ ဦးသာရှိခြင်းကြောင့် သိသိသာသာလျော့နည်းလာခြင်းဖြစ်သည်။

ကာကွယ်ရေး စီမံချက်ကို နှစ်တစ်နှစ်၏ နောက်ဆုံး ၃လတွင််ကြိုတင်ရေးဆွဲကာ လိုအပ်သည့် ပစ္စည်းကိရိယာများ၊ ဆေးဝါးနှင့် ပိုးသတ်ဆေးများမှာယူပြီးသက်ဆိုင်ရာ မြို့နယ်များသို့ု ဖြန့််ဖြူး ပေးခြင်း၊နှစ်စဉ် ပြန်လည်သုံးသပ်ခြင်းများပြုလုပ်ကာ ဖြစ်ပွားမှုများသည့် နေရာများတွင် အဓိကထား ဆောင်ရွက်ခြင်းများလုပ်ဆောင်ခဲ့ကြောင်းသိရသည်။

"လုံးဝကင်းစင်အောင်လုပ်ဖို့ဆိုတာက လိုအပ်ပါသေးတယ်။ ဒီရောဂါက ကာကွယ်လို့ရတဲ့ ရောဂါ ဖြစ်သလို လူတွေရဲ့အပြုအမူ အနေအထိုင်နဲ့ ပတ်သက်တဲ့ ရောဂါဖြစ်တယ်။ ကိုယ်အိမ်မှာရှိတဲ့   ရေလှောင်ထားတာတွေ အမျိုးမျိုးကို အပတ်စဉ် တစ်ပတ်တစ်ကြိမ် ဖုံးသွန်လဲစစ် သေချာလုပ်မယ် ဆိုရင် ကာကွယ်ဆေး အသုံးမပြုဘဲ လုပ်နိုင်တယ်။”ဟု ဒေါက်တာတင့်ဝေကပြောသည်။

သွေးလွန်တုပ်ကွေးကင်းရှင်းရေးအတွက် မြို့နယ်၊ရပ်ကွက်နှင့်စာသင်ကျောင်းများတွင် အသိ ပညာပေးဟောပြောများလည်း ပြုလုပ်လျှက်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly