နန့်စလင်းချောင်းဖျားမှော်ရှိ လက်လုပ်လက်စားလုပ်ကွက်များ တင်ဒါခေါ်ယူ

နန့်စလင်းချောင်းဖျားမှော်ရှိ လက်လုပ်လက်စားလုပ်ကွက်များ တင်ဒါခေါ်ယူ
ခန္တီးမြို့နယ်၊နန်စီပွန်ကျောက်စိမ်းမှော်တွင် ရေမဆေးကျောက် ရှာဖွေသူများ

ခန္တီး၊ဇူလိုင် ၁၀ ။                      ။ စစ်ကိုင်းတိုင်းဒေသကြီး၊ခန္တီးမြို့နယ်၊ရတနာမြေ၊နန့်စလင်းချောင်းဖျားမှော်ရှိ လက်လုပ်လက်စား လုပ်ကွက် ၁၀၄ကွက်ကို တင်ဒါစနစ်ဖြင့် ချထားပေးခြင်းကို ဇွန်လ ၁၀ ရက်၊နံနက်ပိုင်းက ခန္တီးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

လုပ်ကွက် ၁၀၄ကွက်ကို လျှောက်ထားသူ ၉၂ဦးအား ချထားပေးခြင်းဖြစ်ပြီး ၎င်းစာရင်းများကို စစ်ကိုင်းတိုင်းဒေသကြီးအစ်ိုးရအဖွဲ့ထံ တင်ပြပေးသွားမှာဖြစ်သည်ဟု ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်ဇော်က မဇ္ဈိမကိုပြောသည်။

ဒေသခံများအတွက် ရည်ရွယ်၍ လက်လုပ်လက်စား လုပ်ကွက်များကိုတင်ဒါစနစ်ဖြင့် လုပ်ဆောင်ခဲ့သော်လည်း ဒေသခံများမှာ လျှောက်ထားမှုနည်းနေပြီး ဒေသခံမဟုတ်သူများက အများဆုံးလျှောက်ထားခဲ့သည်ဟု ခန္တီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်းကပြောသည်။

"ကျွန်တော့်အနေနဲ့ကတော့ ဒေသခံတွေ အများဆုံးလျှောက်စေချင်တယ်။ဒါပေမဲ့ လျှောက်တာ နည်းနေတယ်။ဘာကြောင့်နည်းလည်းဆိုတော့ ကျောက်သိပ်မထွက်ဘူးလို့ ထင်တာပါတယ်။ တခြားစိုးရိမ်တာတွေလည်းရှိတာပေါ့။"ဟုပြောသည်။

ခန္တီးမြို့နယ်ဒေသခံ ကိုအောင်ဆန်းမြင့်က"ဒေသခံအနေနဲ့ ကြမ်းခင်းစျေး ၅ သိန်းမတတ်နိုင်တာလည်း ပါတယ်။ပြီးတော့ အဲဒီနေရာက ကျောက်မထွက်ဘူး။ရွှေပဲထွက်တယ်။"ဟုပြောသည်။

လက်ရှိတင်ဒါစနစ်ဖြင့် လုပ်ကွက်ရထားသူများအနေဖြင့် တစ်နှစ်လုပ်ခွင့်ရမှာဖြစ်ပြီး စတင် လုပ်ကိုင် ရမည့် ရက်ကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က အကြောင်းပြန်ကြားမည်ဖြစ်ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly