မန္တလေးရှိ လက်မှုရွှေဆိုင်း လုပ်ငန်းရှင်များ ဆန္ဒပြ

မန္တလေးရှိ လက်မှုရွှေဆိုင်း လုပ်ငန်းရှင်များ ဆန္ဒပြ

မန္တလေး ၊ဇူလိုင် ၁၀ ။            ။ မန္တလေးမြို့၊ မျက်ပါးရပ်ရှိ မြန်မာ့ရိုးရာလက်မှုရွှေဆိုင်း လုပ်ကိုင်နေသည့် လုပ်ငန်းရှင် ၁၅၀နီးပါးသည် ဇွန်လ ၁၀ ရက်၊ နံနက်၊ ၁၀နာရီက မနော်ရမ္မံလူထုဟစ်တိုင်ကွင်းတွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

မြန်မာ့ရိုးရာလက်မှုရွှေဆိုင်းလောကသို့ စက်နှင့်လုပ်သည့်ရွှေဆိုင်းများ စျေးကွက်ဝင်ယူလာခြင်းကြောင့် လက်မှုရွှေဆိုင်းလုပ်ကိုင်နေသူများ အခက်အခဲများဖြစ်ပေါ်နေပြီး   ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှ ရွှေဆိုင်းတင်ဒါခေါ်ယူရာတွင်လည်း စက်လုပ်ရွှေဆိုင်းများ ပါဝင်လာမည်ကို စိုးရိမ်ခြင်းကြောင့် အစိုးရအဖွဲ့မှ တားဆီးမှုများဆောင်ရွက်ပေးရန်အတွက် ယခုကဲ့သို့ ဆန္ဒဖော်ထုတ် တောင်းဆိုခြင်း ဖြစ်ကြောင်း ဦးဆောင်သူ ဦးမောင်စုက ဆိုသည်။

ဆန္ဒပြပွဲတွင် အလုပ်အကိုင်အခွင့်အလမ်း မပျောက်ရေး၊ မြန်မာ့လက်မှု ရွှေဆိုင်းလုပ်ငန်း အစဉ်တည်တံ့ရေး၊ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့၏ တင်ဒါစည်းမျည်း ၊စည်းကမ်းများ ပြောင်းလဲပေးရေး၊ မြန်မာ့လက်မှု အနုပညာလုပ်ငန်းအား ကူညီအားပေး အသိအမှတ် ပြုပေးရေး၊ လက်မှုလုပ်ငန်းရှင်များ၏ အလုပ်အကိုင်များ တည်မြဲအောင် လက်မှုရွှေဆိုင်းများဖြင့် ရွှေသင်္ကန်းကပ်လှူရာတွင် ရွှေတိဂုံဂေါပကအနေဖြင့် အသုံးပြုရေး စသည့်အချက်များကို ကြွေးကြော်ခဲ့ကြသည်။

ယခုလို ဆန္ဒဖော်ထုတ်ခြင်းသည် ရွှေတိဂုံဂေါပက အဖွဲ့အား ဝေဖန်နေခြင်းမဟုတ်ဘဲ တင်ဒါ စည်းကမ်းများ ပြုပြင်ပေးစေလိုခြင်းသာဖြစ်သည်ဟု ဦးဆောင်သူများထဲမှတစ်ဦးဖြစ်သူ ဦးဇော်မင်းအောင်ကဆိုသည်။

စက်လုပ်ရွှေဆိုင်းများသည် မြန်မာ့လက်မှုရွှေဆိုင်းလောကသို့လွန်ခဲ့သည့် (၅) နှစ် ကျော်အချိန်က စတင်ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။စက်လုပ်ရွှေဆိုင်းနှင့်လက်မှုရွှေဆိုင်းမှာ စျေးကွာခြားမှု ရှိနေခြင်းကြောင့် အချိန်ကြာလျှင် လက်မှုရွှေဆိုင်း ပျောက်ကွယ်သွားနိုင်သည်ဟုလည်း ဆန္ဒဖော်ထုတ်သူများကဆိုသည်။

"စက်နဲ့လုပ်တဲ့ရွှေဆိုင်းနဲ့ လက်နဲ့လုပ်တဲ့ရွှေဆိုင်းက တစ်ဆိုင်းကို ငါးထောင်လောက်ကွာနေတယ်။ သူတို့ကိုမယှဉ်နိုင််ဘူး။ ကျွန်တော်တို့ လက်နဲ့လုပ်တဲ့ရွှေက ၁၆ ပဲရည်ပြည့်မှ လုပ်ရတာ။ ခုခေါ်တဲ့ တင်ဒါမှာ စက်ရွှေနဲ့ မြန်မာ့လက်မှုရွှေ နှစ်မျိုးခေါ်သင့်တယ်။ တကယ်ဆို စက်ရွှေအတွက် ဘယ်လောက် လက်ရွှေအတွက် ဘယ်လောက်ဆိုပြီး ခွဲပစ်သင့်တယ်။ ခုလိုရောပစ်လိုက်တော့ ကျွန်တော်တို့က စျေးမပြိုင်နိုင်ဘူး။"ဟု ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သည့် အောင်တံခွန် အာမခံ လက်မှုရွှေပြားခတ်လုပ်ငန်းရှင် ဦးဇော်မင်းအောင်ကပြောသည်။

ရွှေတိဂုံဂေါပကအဖွဲ့၏ ရွှေဆိုင်းလုပ်ငန်းတင်ဒါခေါ်ယူမှုကို ဇူလိုင်လ ၁၂ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။  မြန်မာ့လက်မှုရွှေဆိုင်းလုပ်ငန်းသည် မြန်မာနိုင်ငံတွင် မန္တလေးမြို့၊ မျက်ပါးရပ် ရပ်ကွက် တစ်ခုသာ လုပ်ကိုင်နေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly