နိုင်ငံခြားရေး ၀န်ကြီး ရာထူးမှ နုတ်ထွက်၍ ၀န်ကြီးချုပ် ထရီဆာမေ အစိုးရသစ်အဖွဲ့ကို ဦးဆောင်ရမည်

နိုင်ငံခြားရေး ၀န်ကြီး ရာထူးမှ နုတ်ထွက်၍ ၀န်ကြီးချုပ် ထရီဆာမေ အစိုးရသစ်အဖွဲ့ကို ဦးဆောင်ရမည်

 

လန်ဒန်၊ ဇူလိုင် ၁၀ ။                     ။ ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီး ဘောရစ်ဂျွန်ဆင်သည် ရာထူးက နုတ်ထွက်သွားပြီ ဖြစ်ကြောင်း ဒေါင်းနင်းလမ်းက ဇူလိုင် ၉ ရက်၌ ထုတ်ပြန်လိုက်သည်။

ဗြိတိန် အီးယူမှ ခွဲထွက်ရေး ၀န်ကြီး ဒေးဗစ်ဒါဗီ ရာထူးမှ နုတ်ထွက်ပြီး နာရီပိုင်းအတွင်းမှာပဲ ၀န်ကြီး ဘောရစ်ဂျွန်ဆင် နုတ်ထွက်ကြောင်းကို ကြေညာလာခြင်းလည်း ဖြစ်သည်။

“ယနေ့ နေ့လယ်မှာ  ၀န်ကြီးချုပ် ထရီဆာမေက နိုင်ငံခြားရေးဝန်ကြီးအဖြစ်မှ ဘောရစ်ဂျွန်ဆင် နုတ်ထွက်ခြင်းအား လက်ခံလိုက်ကြောင်း” ၀န်ကြီးချုပ်ရုံးက ထုတ်ပြန်လာခြင်း ဖြစ်သည်။

အီးယူမှ နုတ်ထွက်ထားသော်လည်း ကုန်သွယ်ရေးကို အနီးကပ်ဆက်လက် လုပ်ဆောင်သွားလိုသည့် ထရီဆာမေ၏ အစီအစဉ်အပေါ် မနှစ်သက်၍ နုတ်ထွက်ခြင်း ဖြစ်ကြောင်း ၎င်း၏ နုတ်ထွက်စာတွင် ဘောရစ်ဂျွန်ဆင်က ဖော်ပြထားသည်။

ဗြိတိန် အီးယူမှ နုတ်ထွက်ရေးတွင် မဟာဗျူဟာ အကျပ်အတည်းဆိုက်နေသော အစိုးရအနေဖြင့် ယခုကဲ့သို့ ၀န်ကြီးများ နုတ်ထွက်ခြင်းများ ဖြစ်လာရာ ၀န်ကြီးချုပ် ထရီဆာမေအနေဖြင့် ကက်ဘိနက်အဖွဲ့သစ်ဖြင့် စခန်းသွားရတော့မည်   ဖြစ်သည်။

ဘောရစ်ဂျွန်ဆင် နေရာတွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် အစားထိုး ခန့်အပ်သော ဂျာရီမီဟန့်က ၎င်းအနေဖြင့် ၀န်ကြီးချုပ်၏ နောက်တွင် အခိုင်အမာ ရပ်တည်သွားမည်ဟု ပြောသည်။

ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲဖြင့် မဲပေးထားသော ဗြိတိန် အီးယူမှ ခွဲထွက်ရေး တရားဝင်အတည်ဖြစ်ခြင်းက ၂၀၁၉ မတ် ၂၉ တွင် တရားဝင်တော့မည်ဖြစ်သော်လည်း အီးယူနှင့် ဗြိတိန်ကြား ကုန်သွယ်ရေးကို မည်သို့ ဆက်လက်လုပ်ဆောင်ကြမည်ဆိုခြင်းနှင့် ပတ်သက်ပြီး နှစ်ဖက်သဘောတူညီမှု မရသေးပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly