ရိုက်တာသတင်းထောက်နှစ်ဦးအား စွဲချက်တင်ခြင်းအပေါ် သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် တရားဥပဒေစိုးမိုးရေးအတွက် အနှောက် အယှက်တစ်ရပ်ဖြစ်စေနိုင် ဟု US သံရုံးကြေညာ

ရိုက်တာသတင်းထောက်နှစ်ဦးအား စွဲချက်တင်ခြင်းအပေါ် သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် တရားဥပဒေစိုးမိုးရေးအတွက် အနှောက် အယှက်တစ်ရပ်ဖြစ်စေနိုင် ဟု US သံရုံးကြေညာ
ဓာတ်ပုံ-ရဲနိုင်(လောက်ကိုင်)
 

ရန်ကုန်၊ ဇူလိုင်လ ၉ ။            ။ ရိုက်တာသတင်းထောက်နှစ်ဦးအား စွဲချက်တင်လိုက်မှုအပေါ် မြန်မာနိုင်ငံအတွင်း သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် တရားဥပဒေစိုးမိုးရေးအတွက် အနှောက် အယှက်တစ်ရပ် တစ်ရပ်ဖြစ်စေကြောင်း  အမေရိကန်သံရုံးမှ ယနေ့ ဇူလိုင်လ ၉ ရက်၊ ညနေ ၃ နာရီ ၄ဝ မိနစ်ခန့်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ကြေညာချက်တွင် “ရိုက်တာသတင်းထောက်များ ဖြစ်ကြသော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား နိုင််ငံတော် လျှို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်မှု စွပ်စွဲချက်ဖြင့် ဆက်လက်တရားစွဲဆိုရန် တရားရုံးက ယနေ့ဆုံးဖြတ်ချက် ချမှတ်လိုက်သည့်အပေါ် မိမိတို့များစွာစိတ်ပျက်မိပါသည်။” ဟု ဖော်ပြပါရှိသည်။

ထို့ပြင် “သတင်းထောက်များ ၎င်းတို့အလုပ် ၎င်းတို့ပြန်လည်လုပ်ဆောင်နိုင်ရန်နှင့် မိသားစုဝင်များနှင့် ပြန်လည် ဆုံစည်းနိုင်ရန် မြန်မာ အာဏာပိုင်များအနေဖြင့် ခွင့်ပြုပေးသင့်ကြောင်း ၊ ယနေ့ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံ အတွင်း သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် တရားဥပဒေစိုးမိုးရေးအတွက် အနှောက် အယှက်တစ်ရပ် တစ်ရပ်ဖြစ် ပါသည်။”ဟု ဖော်ပြထားသည်။

ရိုက်တာသတင်းထောက် ၂ ဦးကို ယနေ့ ဇူလိုင်လ ၉ ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး၌ ၂၉ ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး ခရိုင်တရားသူကြီးက မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃ (၁)(ဂ)ဖြင့် သတင်းထောက် ၂ ဦးကိုစွဲချက်တင်ကြောင်း အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။  ရိုက်တာသတင်းဌာနမှ သတင်းထောက် ကိုလုံးဝနှင့် ကိုကျော်စိုးဦးတို့သည် ၂ဝ၁၇ ခုနှစ်၊ သြဂုတ်လအတွင်းက ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ အင်းဒင်ကျေးရွာတွင် လုံခြံုရေးတပ် ဖွဲ့ဝင်များက အမျိုးသား ၁ဝ ဦးကို ဥပဒေမဲ့ သတ်ပစ်ခဲ့သည်ဆိုသော သတင်းအား စုံစမ်းရင်း ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်၊ ညပိုင်းတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးပြီးနောက်သတင်းထောက်နှစ်ဦးကို မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေရဲစခန်းတွင် (ပ)၁၂၉၈/ ၂ဝ၁၇၊ ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃ (၁)(ဂ) ဖြင့် အမှုဖွင့်တရားစွဲခဲ့ပြီး ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် ရာဇသတ်ကြီးအမှုအမှတ်- ၄/ ၂ဝ၁၈ ဖြင့် အမှုစွဲတင် စစ်ဆေးနေခြင်း ဖြစ်သည်။ ထိုသို့ ခရိုင်တရားရုံးတင် စစ်ဆေးခဲ့ရာတွင် ရဲသက်သေအပါအဝင် တရားလိုပြ သက်သေ လိုပြသက်သေ ၂၂ ဦးထိ စစ်ဆေးပြီးနောက် ရိုက်တာသတင်းထောက်နှစ်ဦးကို ယခုကဲ့သို့ လျှိ့ဝှက်ချက် အက်ဥပဒေပုဒမဖြင့် စွဲချက်တင်ကြောင်းအမိန့်ချလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃ (၁)(ဂ)မှာ ပြစ်မှုထင်ရှားပါက အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၁၄ နှစ်ထိပြစ်ဒဏ်ချမှတ်နိုင်သော ပုဒ်မဖြစ်သည်။

အဆိုပါ အမှုကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဂျပန် နိုင်ငံ၊ တိုကျိုအခြေစိုက် NHK သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ရိုက်တာသတင်းထောက်နှစ်ဦးမှာ ရခိုင်ပြည်နယ် အရေးကိစ္စများအား ဖော်ထုတ်ခဲ့သဖြင့် ဖမ်းဆီးခံရခြင်းမဟုတ်ဘဲ နိုင်ငံတော်၏ လျှို့ဝှက်ချက်ကို ချိုးဖောက်ခဲ့သည့်အတွက် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း NHK သတင်းဌာန၏ ပြီးခဲ့သည့်ဇွန်လ ၈ ရက်နေ့ကသတင်းတွင် ဖော်ပြပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly