အဆိုတော်အစ္စဏီ အမှု ရုံးပြောင်းစစ်ရန်လျှောက်ထား

အဆိုတော်အစ္စဏီ အမှု ရုံးပြောင်းစစ်ရန်လျှောက်ထား

ရန်ကုန်၊ ဇူလိုင် ၉ ။            ။ အလိုမတူ အဓမ္မပြုကျင့်မှုဖြင့်  မော်ဒယ်စူးရှထက်၏ တရားစွဲဆိုခြင်းကိုခံထားရသော အဆိုတော် အစ္စဏီ အမှုတွင် တရားလိုမှ ရုံးပြောင်းစစ်ရန် လျှောက်ထားခဲ့ကြောင်း တရားလွှတ်တော် ရှေ့နေ  ဦးကျော်ဇင်ဦး ကပြောသည်။

ဇူလိုင် ၉ ရက်နေ့ကစစ်ဆေးသော  ၉ ကြိမ်မြောက်ရုံးချိန်းတွင် မော်ဒယ်စူးရှထက် မလာရောက်၍ မစစ်ဆေးဖြစ်ခဲ့ဘဲ တရားလိုဘက်မှ ရုံးပြောင်းလျှောက်ထား ကြောင်း ကိုသာ အဆိုတော်အစ္စဏီ၏ ရှေ့နေက ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ တရားလိုကနေပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး ရာဇဝတ်ပြင်ဆင်မှုအမှတ် ၆၅/ ၁၈ နဲ့ရုံးပြောင်းလျှောက်ထားတဲ့အတွက် တရားလိုကိုမစစ်ဆေးပါဘူးဆိုပြီး တင်ပြတဲ့အတွက် ရုံးတော်ကနေပြီး နောက်ရုံးချိန်းတစ်ချိန်းထပ်မံချိန်းဆိုထားပါတယ် “ ဟု တရားလွှတ်တော် ရှေ့နေ  ဦးကျော်ဇင်ဦး ကပြောသည်။

တာမွေမြို့နယ်တရားရုံးမှလည်း လုံခြံုရေးအပြည့်အဝပေးနေသည့်အပြင် မှန်မှန် ကန်ကန်လည်း စစ်ဆေးပေးနေသောကြောင့် မည်သည့်အတွက် ရုံးပြောင်းလျှောက်ထားရသည်ကိုတော့ မသိရှိရသေးကြောင်း ၄င်းကဆိုသည်။

ထို့အပြင် တရားလိုဘက်မှ ထိုသို့လာရောက်ရန်ပျက်ကွက်နေ၍ စွပ်စွဲခံရသူဘက်မှ နစ်နာကြောင်းလည်း တရားခံရှေ့နေ ဦးကျော်ဇင်ဦးကပြောသည်။

“ ပျက်ကွက်နေတယ်ဆိုတော့ စွပ်စွဲခံရသူအနေနဲ့ အချုပ်အနှောင်ခံရတာ နစ်နာတာပေါ့ “ ဟု ၄င်းကဆိုသည်။

နောက်တစ်ပတ်ရုံးချိန်းကို တရားရုံးက ဇူလိုင် ၁၆ ရက်သို့ချိန်းဆိုလိုက်ပြီး ရုံးပြောင်း လျှောက်ထားလွှာကျလာပါက စစ်ဖြစ်မည်မဟုတ်ဟု သိရသည်။

စွဲဆိုထားသည့်အမှုနှင့်စပ်လျဉ်း၍ တရားဥပဒေဘောင်အတွင်းမှ ဆက်လက်ဆောင်ရွက်သွားမည်ဟု မော်ဒယ် စူးရှထက်က ပြောဆိုထားသည်။

ယင်းအမှုဖြစ်စဉ်နှင့်ပတ်သက်၍ မော်ဒယ် စူးရှထက်(ခေါ်)မဇာခြည်ဌေးက အစ္စဏီ (ခ) ဟန်ထွန်းဇော်အား တာမွေမြို့မရဲစခန်းတွင် (ပ)၃၆၂ /၂၀၁၈ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၃၇၆ /၃၂၅/၃၂၄ တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly