ဟေတီမှာ လောင်စာဆီစျေးနှုန်းတိုးမြှင့်မှုကြောင့် ဆန္ဒပြမှုတွေဖြစ်ပေါ်ပြီး မင်းမဲ့စရိုက်ဆန်ဆန် အခြေအနေများ ပေါ်ပေါက်

ဟေတီမှာ လောင်စာဆီစျေးနှုန်းတိုးမြှင့်မှုကြောင့် ဆန္ဒပြမှုတွေဖြစ်ပေါ်ပြီး မင်းမဲ့စရိုက်ဆန်ဆန် အခြေအနေများ ပေါ်ပေါက်

ဇူလိုင် ၉ ။            ။ ဟေတီနိုင်ငံမှာ လောင်စာဆီ စျေးနှုန်းတွေတိုးမြှင့်ကြောင်း အစိုးရက ကြေညာခဲ့ပြီးနောက်ပိုင်း ရုန်းရင်းဆန်ခတ် ဆန္ဒပြမှုကြီးတွေ၊ ခိုးဝှက်လုယက်မှုတွေနဲ့အတူ မင်းမဲ့စရိုက်ဆန်ဆန် အခြေအနေတွေ ကျရောက်ခဲ့ပါတယ်။

အဆိုပါ တည်ငြိမ်မှု ကင်းမဲ့တဲ့ အခြေအနေအတွင်း လူ လေးဦးထိ သေဆုံးခဲ့ရပြီးနောက်မှာတော့ အစိုးရဘက်က လောင်စာဆီတိုးမြှင့်မယ့် အစီအစဉ် ကြေညာချက်ကို ချက်ချင်း ပြန်လည် ရုတ်သိမ်းပေးသွားခဲ့ရပါတယ်။ သို့ပေမယ့်လည်း အခြေအနေတွေက ပြန်လည် တည်ငြိမ်မလာခဲ့ဘဲ နိုင်ငံမှာ အထွေထွေသပိတ် ဆက်မှောက်ဖို့ ဆန္ဒပြသမားတွေဘက်က တောင်းဆိုမှုတွေ ရှိနေပါတယ်။

မငြိမ်မသက်မှုတွေအတွင်း မြို့တော်မှာ ရှိတဲ့ ဆိုင်တွေမှာ ရှိတဲ့ ပစ္စည်းတွေကို လာရောက်လုယက်သယ်ဆောင်မှုတွေ ရှိခဲ့သလို အဆောက်အအုံတွေ၊ ကားတွေကိုလည်း မီးရှို့ဖျက်စီးမှုတွေ ရှိခဲ့ပြီး ထိန်းမရ သိမ်းမရ အခြေအနေတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ယခုအခါမှာတော့ သမ္မတ Jovenel Moise ရာထူးကနေ ချက်ချင်းဆင်းပေးဖို့ ဟေတီ ပြည်သူအများစု က တောင်းဆိုနေကြပြီ ဖြစ်ပါတယ်။

" သမ္မတ ဒီရာထူးမှာ တစ်ရက် ဆက်နေရင် ကျုပ်တို့ကလည်း လမ်းတွေကို ပိတ်ဆို့တာ၊ တွေ့သမျှကို မီးရှို့တာတွေ ဆက်လုပ်ရမှာပဲ ၊ အခြေအနေက ဘာမှ မထူးတော့ပါဘူး" ဆိုပြီး မျက်နှာဖုံးစွပ် ဆန္ဒပြသမားတစ်ဦးက ပြောသွားပါတယ်။

ယင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်က လောင်စာဆီ စျေးနှုန်းတွေ တိုးမြှင့်သတ်မှတ်ကြောင်း အစိုးရက ထုတ်ပြန်ကြေညာပြီးနောက်မှာပဲ ယခုလို မငြိမ်မသက်မှုတွေ ပေါ်ပေါက်နေခဲ့ခြင်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly