အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၈ )

အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၈ )

ဖော်ပြခဲ့သော ဘဏ္ဍာရေးဖက်ဒရယ်စနစ် အစိတ်အပိုင်းများ၏ အခြေခံသဘောတရားများကို လက်တွေ့ ကျင့်သုံးရာတွင် နိုင်ငံတစ်ခု၏ သမိုင်းကြောင်းအစဉ်အလာနှင့် ပြောင်းလဲတိုးတက်မှုများကြောင့် ဖက်ဒရယ် နိုင်ငံအလိုက် တူညီနိုင်သော အချက်များနှင့် မတူညီနိုင်သော အချက်များရှိမည် ဖြစ်သည်။ ဆိုလိုသည်မှာ ဖက်ဒရယ်နိုင်ငံများတွင် ကျင့်သုံးလျက်ရှိသော ဘဏ္ဍာရေးဖက်ဒရယ်စနစ်များသည် လုံးဝနီးပါးတူညီနိုင်သည်ဟု မျှော်လင့်၍ မရနိုင်သည့်အပြင် ဖက်ဒရယ်နိုင်ငံ တစ်ခုတွင် အလုပ်ဖြစ်သော ဘဏ္ဍာရေးဖက်ဒရယ်စနစ် တစ်ခု သည် အခြားဖက်ဒရယ်နိုင်ငံတစ်ခုတွင် အလုပ်ဖြစ်မည်ဟု မျှော်လင့်၍ မရနိုင်ပါ။ သို့ရာတွင် ဖက်ဒရယ်နိုင်ငံ အလိုက် ကျင့်သုံးသော ဘဏ္ဍာရေးဖက်ဒရယ်စနစ် များ၏ အားသာချက်နှင့် အားနည်းချက်များကို လေ့လာ သုံးသပ်ပြီး ဆောင်ရန်နှင့် ရှောင်ရန်များကို သိရှိနားလည်ထားပါက ဘဏ္ဍာရေးဖက်ဒရယ်စနစ်ဆိုင်ရာ အခြေခံ မူဝါဒများ ချမှတ်ရာတွင် အထောက်ကူပြုနိုင်မည် ဖြစ်သည်။

ထို့ကြောင့် ဘဏ္ဍာရေးဖက်ဒရယ်စနစ်ဆိုင်ရာ နိုင်ငံတကာအတွေ့အကြံုများကို လေ့လာသုံးသပ် နိုင်ရန်အတွက် ဖက်ဒရယ်နိုင်ငံ (၆) ခု ကို ရွေးချယ်ထားပါသည်။ လေ့လာနိုင်ရန် ရွေးချယ်ထားသော ဖက်ဒရယ်နိုင်ငံများမှာ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဂျာမဏီ၊ ဆွစ်ဇာလန်၊ သြစတြေးလျနှင့် အိန္ဒိယနိုင်ငံတို့ဖြစ်သည်။

ထိုနိုင်ငံများသည် ဖက်ဒရယ်စနစ်ထွန်းကားသော နိုင်ငံများဖြစ်သည့်အပြင် ၎င်းတို့၏ ဘဏ္ဍာရေး ဖက်ဒရယ်စနစ် များမှာလည်း ဖက်ဒရယ်ရှုထောင့်အားဖြင့် အထိုက်အလျောက် စနစ်တကျ ရှိနေသောကြောင့် လေ့လာရန် ရွေးချယ်ထားခြင်း ဖြစ်သည်။ ကနဦးရှင်းလင်းစွာ ဖော်ပြလိုသည့်အချက်မှာ ရွေးချယ်ထားသော ဖက်ဒရယ်နိုင်ငံ များ၏ ဘဏ္ဍာရေးဖက်ဒရယ်စနစ်များကို ပုံတူကားချပ် ကူးယူကျင့်သုံးရန်အတွက် မဟုတ်ဘဲ မြန်မာနိုင်ငံ၏ အနာဂတ် ဘဏ္ဍာရေးဖက်ဒရယ်စနစ်တစ်ခုအတွက် ဆင်ခြင်သုံးသပ်နိုင်ရန်နှင့် မြန်မာနိုင်ငံနှင့်သင့်လျော်နိုင်မည့် အစိတ်အပိုင်းများကို အလေးအနက် ထည့်သွင်းစဉ်းစားနိုင်ရန်အတွက်သာ ဖြစ်သည်။ ရွေးချယ်ထားသော ဖက်ဒရယ်နိုင်ငံများ၏ ဘဏ္ဍာရေးဖက်ဒရယ်စနစ်များကို လေ့လာတင်ပြရာတွင် ဘဏ္ဍာရေး ဖက်ဒရယ်စနစ်၏ အခြေခံအစိတ်အပိုင်း (၄) ခု (အစိုးရအဖွဲ့များ၏ အသုံးစရိတ်တာဝန်များ၊ အခွန်အာဏာများ၊ ဘဏ္ဍာရေးမညီမျှမှု များနှင့် ထိုဘဏ္ဍာရေးမညီမျှမှုများကို ကုစားသည့် အစိုးရအဖွဲ့များအကြား ဘဏ္ဍာငွေလွှဲပြောင်းမှုများ) အားဖြင့် ဆွေးနွေးတင်ပြထားသည်။ အတိအကျအားဖြင့် အစိုးရအဖွဲ့များအကြား ဘဏ္ဍာရေးအာဏာများ (အသုံးစရိတ် အာဏာနှင့် အခွန်အာဏာများ) ခွဲဝေပုံနှင့် ထိုအာဏာခွဲဝေမှုများကြောင့် ထွက်ပေါ်လာသော ဘဏ္ဍာရေး မညီမျှမှုများ ကို ကုစားသည့် အစီအစဉ်များကို အဓိကထားပြီး ဖော်ပြထားသည်။ ဘဏ္ဍာရေး အာဏာများ ခွဲဝေရာတွင် နိုင်ငံရေးနှင့် စီးပွားရေးအခြေခံမူအချို့တို့၏ အားပြိုင်မှုများကို အလျဉ်းသင့်သလို ထည့်သွင်း ဆွေးနွေးထားသည်။ ထို့နောက်တွင် ရွေးချယ်ထားသော ဖက်ဒရယ်နိုင်ငံများ၏ ဘဏ္ဍာရေးဖက်ဒရယ်များမှ မှတ်သားဖွယ်ရာ ဘုံတူညိီချက်နှင့် ဘုံခြားနားချက်အချို့ကို ကောက်နုတ်တင်ပြထားပါသည်။

အမေရိကန်ပြည်ထောင်စုသည် သက်တမ်းအရင့်ဆုံးသော (နှစ်ပေါင်း ၂၀၀ ကျော်) ဖက်ဒရယ်နိုင်ငံတစ်ခု ဖြစ်သည်။ ပြည်နယ်စုစုပေါင်း (၅၀) ခုတို့ဖြင့် ဖွဲ့စည်းထားသော အမေရိကန်ပြည်ထောင်စုတွင် ဖက်ဒရယ် အဆင့်နှင့် ပြည်နယ်အဆင့် အစိုးရ (၂) ရပ်တို့ဖြင့်စီမံအုပ်ချုပ်သော ဖက်ဒရယ်စနစ် (dual federalism) ကို ကျင့်သုံးသည်။ ဖက်ဒရယ်အစိုးရနှင့်ပြည်နယ်အစိုးရတို့၏ လုပ်ပိုင်ခွင့်အာဏာများကို နိုင်ငံ၏ဖွဲ့စည်းပုံထဲတွင် ပြဋ္ဌာန်းထားသည်။ ပြည်နယ်များတွင် ဖက်ဒရယ်အစိုးရ၏ ဝင်ရောက်စွက်ဖက်ခွင့်မရှိသော အာဏာများရှိပြီး အာဏာအချို့ကိုသာ ဖက်ဒရယ်အစိုးရအား လွှဲပြောင်းပေးထားသည်။ ဖွဲ့စည်းပုံပြင်ဆင်ချက် (၁၀) အရ ပြည်နယ်များသည် ဖက်ဒရယ်အစိုးရအား လွှဲပြောင်းပေးထားခြင်း မရှိသည့် လုပ်ပိုင်ခွင့်အာဏာများအားလုံးကို ကျင့်သုံးပိုင်ခွင့်ရှိသည်ဟု ဖော်ပြထားသည်။ ဒေသန္တရအစိုးရတို့ လုပ်ပိုင်ခွင့်အာဏာများသည် ပြည်နယ်ဖွဲ့စည်းပုံ နှင့် ပြဋ္ဌာန်းဥပဒေများမှ ဆင်းသက်လာသဖြင့် ဒေသန္တရအစိုးရများအကြား ကြီးမားသော ကွာခြားချက်များ ရှိနေပါသည်။ အမေရိကန်ပြည်ထောင်စု၏ ဖက်ဒရယ်စနစ်ကျင့်သုံးသော အစောပိုင်းနှစ်များတွင် ပြည်နယ် အစိုးရနှင့် ၎င်းတို့၏ ဒေသန္တရ အစိုးရအဖွဲ့တို့သည် ပြည်နယ်၏ အရေးကိစ္စများ (ပြည်သူ့ဝန်ဆောင်မှုများ ဆောင်ရွက်ခြင်း၊ စည်းကမ်းထိန်းသိမ်းခြင်းနှင့် အခွန်ကောက်ခံခြင်း စသည်တို့) ကို ကိုင်တွယ်ဖြေရှင်းကြသည်။

ဖက်ဒရယ်အစိုးရ၏ အခန်းကဏ္ဍသည် ပြည်တွင်းစစ်နှင့် ပထမကမ္ဘာစစ်ကဲ့သို့သော အရေးကြီးစစ်ပွဲကြီးများ ဖြစ်ပွားသည့် အချိန်မှလွဲပြီး အကန့်အသတ်များစွာ ရှိနေသည်။ ဖက်ဒရယ် အစိုးရ၏ အခန်းကဏ္ဍနှင့်စပ်လျဉ်း၍ တရားရေးနှင့် နိုင်ငံရေးအဖွဲ့တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များမှာလည်း ကျဉ်းမြောင်းနေသည်။ သို့ရာတွင် ဒုတိယ ကမ္ဘာစစ်နှင့် ကိုးရီးယား စစ်ပွဲပြီးနောက် မဟာစီးပွားရေးပျက်ကပ် (The Great Depression)ဆိုက်ရောက်သည့် ၁၉၃၀ ခုနှစ်မှစ၍ နှစ်ပေါင်း ၄၀- ၄၅ နှစ်အတွင်း ဖက်ဒရယ်အစိုးရ၏ ဗဟိုချုပ်ကိုင်သည့် အခန်းကဏ္ဍမှာ စိုးမိုးခဲ့ သည်။ ထိုကာလအတွင်း ဖွဲ့စည်းပုံအရဖက်ဒရယ်အစိုးရအားပေးအပ်ထားသောလုပ်ငန်းတာဝန်များနှင့်ပတ်သက် ၍ တရားရေးအဖွဲ့က ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပါယ်ဖွင့်ဆိုမှုများ ပြုလုပ်ခဲ့သည်။ဖက်ဒရယ်အစိုးရသည်(ဝင်ငွေ နည်းပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု - Medicaid၊ သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေး စောင့်ရှောက်မှု - Medicare၊ လူမှုဖူလုံရေး - Social Security နှင့် အခြားပြည်နယ်နှင့် ဒေသန္တရအစိုးရတို့၏ ဝန်ဆောင်မှု လုပ်ငန်းအစီအစဉ်များအပါအဝင်) ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများစွာတို့အတွက် ဘဏ္ဍာငွေပံ့ပိုး ပေးရသည်။

ထိုကာလနောက်ပိုင်းတွင် ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရတို့၏ အခန်းကဏ္ဍများသည် တဖြည်းဖြည်း ချိန်ခွင်လျှာ ပြန်လည်ညီလာသည်။ သို့ရာတွင် ပြည်နယ်နှင့် ဒေသန္တရအစိုးရတို့သည် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို အဓိကဆောင်ရွက်ပေးသူများအဖြစ် ဆက်လက်ရှိနေသော်လည်း ၎င်းတို့၏ လုပ်ပိုင်ခွင့်အာဏာ အချို့အပေါ် ဖက်ဒရယ်အစိုးရ၏ လွှမ်းမိုးမှုများမှာ ဆက်လက်မြင့်မားနေဆဲဖြစ်သည်။ ထို့ကြောင့် အမေရိကန် ပြည်ထောင်စု၏ အစိုးရအဖွဲ့များအကြားအာဏာခွဲဝေမှုများသည် ဘုံနားလည်မှု၊ သမိုင်းကြောင်းအလေ့အထနှင့် တရားရေးအဖွဲ့၏ အဓိပ္ပါယ် ဖွင့်ဆိုချက်များနှင့်သက်ဆိုင်နေပြီး ခေတ်ကလအလိုက် ပုံစံပြောင်းလဲမှုများရှိသည်။ ဘဏ္ဍာရေးဖက်ဒရယ်စနစ်နှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင်ဖက်ဒရယ် အစိုးရနှင့် ပြည်နယ်အစိုးရအဖွဲ့တို့၏ ဘဏ္ဍာရေးအာဏာများ၊ဘဏ္ဍာရေးဆက်နွှယ်မှုနှင့် ဘဏ္ဍာရေးစည်းမျဉ်း များကို အသေးစိတ်ဖော်ပြထားသည့် ဘဏ္ဍာရေးဖွဲ့စည်းပုံတစ်ခု (a fiscal constitution) မပါရှိသော်လည်း ဖက်ဒရယ်နှင့် ပြည်နယ်အစိုးရတို့ကို ပေးအပ်ထားသည့် ဘဏ္ဍာရေးအာဏာများမှာ အထိုက်အလျောက် လွှမ်းခြံု မှုရှိသည်။ ဖက်ဒရယ်နှင့် ပြည်နယ်အစိုးရများအကြား ဘဏ္ဍာရေးအာဏာ ခွဲဝေမှုများကို ဘဏ္ဍာရေးဖက်ဒရယ် စနစ်၏ အခြေခံအစိတ်အပိုင်းများအလိုက်အောက်တွင် ဆွေးနွေးတင်ပြထားပါသည်။

အသုံးစရိတ်တာဝန်များ

အသုံးစရိတ်တာဝန်များနှင့် ပတ်သက်၍ ဥပဒေပြုတာဝန် (legislative responsibitilies) နှင့်လက်တွေ့ ဝန်ဆောင်မှု ပေးခြင်းတာဝန် (responsibilities for actual provision of services) ဟူ၍ ခွဲခြားသိမြင်ထားရန် အရေးကြီးသည်။ အမေရိကန်ပြည်ထောင်စုတွင် (ဖက်ဒရယ်၊ ပြည်နယ်နှင့် ဒေသန္တရအဆင့်) အစိုးရအဖွဲ့များ၏ အသုံးစရိတ်တာဝန်များ၊အထူးသဖြင့် အသုံးစရိတ်ဆိုင်ရာ ဥပဒေပြုတာဝန်များကို နိုင်ငံ၏ဖွဲ့စည်းပုံထဲတွင်ပြဋ္ဌာန်း ထားသော်လည်း အသုံးစရိတ်ဆိုင်ရာ ဝန်ဆောင်မှုတာဝန်အများစုကိုမူ အသေးစိတ်ဖော်ပြထားခြင်း မရှိပေ။ အစိုးရအဖွဲ့များ၏ အသုံးစရိတ်ဆိုင်ရာ ဥပဒေပြုတာဝန်များနှင့် လက်တွေ့ဝန်ဆောင်မှုပေးခြင်းတို့ကို လေ့လာ ကြည့်လျှင် အစိုးရအဖွဲ့များသည် မကြာမဏဆိုသလို ဝန်ဆောင်မှုအများစုကို ဆောင်ရွက်ရာတွင် တာဝန်များကို (အနည်းဆုံး အတိုင်းအတာတစ်ခုအထိ) မျှဝေယူကြသည်ကို တွေ့ရသည်။ အစိုးရအဖွဲ့များ၏ ကဏ္ဍ/လုပ်ငန်း အလိုက် တိုက်ရိုက်အသုံးစရိတ်များသည် အစိုးရတစ်ခုတည်းကသာ တာဝန်ယူရသည့် သီးခြားအသုံးစရိတ်နှင့် အစိုးရအဖွဲ့များပူးတွဲတာဝန်ယူရသည့် မျှဝေအသုံးစရိတ်များရှိသည်။ ဥပမာ - နိုင်ငံတော်ကာကွယ်ရေးနှင့် စာတိုက်လုပ်ငန်းများသည် ဖက်ဒရယ်အစိုးရ၏ သီးခြား အသုံးစရိတ်တာဝန်များဖြစ်သည်။ လူမှုရေးအာမခံ လုပ်ငန်းသည် ဖက်ဒရယ်နှင့် ပြည်နယ် အစိုးရတို့၏ မျှဝေအသုံးစရိတ် တာဝန်များဖြစ်သည်။ ထို့အပြင် ဒေသန္တရ အစိုးရတို့၏ အသုံးစရိတ်တာဝန်များသည် သက်ဆိုင်ရာ ပြည်နယ်များ၏ ပြည်နယ်အခြေခံဥပဒေ ပြဋ္ဌာန်းချက် များပေါ် မူတည်ပြီး ကွဲပြားသွားသည်။

ယေဘုယျအားဖြင့် ဖက်ဒရယ်အစိုးရသည် ပြည်နယ်၊ ဒေသန္တရအစိုးရများနှင့် နှိုင်းယှဉ်လျှင် ဝန်ဆောင်မှုများကို တိုက်ရိုက်ပေးသည့် အခန်းကဏ္ဍ အနည်းငယ်သာ ယူထားသည်။ သို့ရာတွင် ပြည်နယ်နှင့် ဒေသန္တရအစိုးရတို့၏ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများအပေါ် မကြာခဏ လွှမ်းမိုးမှု ရှိသည်။ ကန့်သတ်ချက်များပါသော ဖက်ဒရယ် ထောက်ပ့ံငွေများ၊ ချေးငွေများနှင့် ကုန်ကျစရိတ်မျှဝေခြင်းအစီအစဉ်များနှင့် ဖက်ဒရယ်ဥပဒေနှင့် စည်းမျဉ်း စည်းကမ်းများကို အသုံးချပြီး ဖက်ဒရယ်အစိုးရ၏ ဦးစားပေးလုပ်ငန်းများကို ဆောင်ရွက်လာအောင် ပြည်နယ်နှင့် ဒေသန္တရအစိုးရများအား ဖိအားပေးလွှမ်းမိုးနိုင်သည်။ အထူးသဖြင့် ဖက်ဒရယ်အစိုးရမှ ဥပေဒေပြုခွင့်မရှိသော ပြည်နယ်အစိုးရ၏ ဥပဒေပြုအာဏာအောက်ရှိသော အသုံးစရိတ်တာဝန်များကို နိုင်ငံတော်အကျိုးစီးပွားအတွက် ဖက်ဒရယ်အစိုးရ၏ ဦးစားပေးချက်များနှင့်အညီ ဆောင်ရွက်လာအောင် ပြည်နယ်နှင့် ဒေသန္တရအစိုးရများအား လွှမ်းမိုးနိုင်သည်။ ဥပမာ

- ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက် (၂၁) အရ ပြည်နယ်များသည် ပြည်နယ်အတွင်း အရက်တင်သွင်းခြင်းနှင့် သောက်သုံးခြင်းတို့နှင့်ပတ်သက်၍ အပြည့်အဝ ထိန်းချုပ်ပိုင်ခွင့်ရှိသည်။ သို့ရာတွင် ပြည်နယ်များသည်ပြည်နယ် များကို ဖြတ်သွားသော အဝေးပြေးလမ်းများ ဖောက်လုပ်ရန်အတွက် လိုအပ်သော အဝေးပြေးလမ်းဆိုင်ရာ ဖက်ဒရယ်ထောက်ပံ့ငွေများကို ရယူလိုပါက မိမိတို့ပြည်နယ်တွင် ခွင့်ပြုထားသော အရက်ဝယ်ယူခွင့်ရှိသည့် အသက်အရွယ်(၂၁ နှစ်အောက်)ကို တိုးမြှင့်ပေးရမည်ဟု ပြည်ထောင်စုက သတ်မှတ်နိုင်သည်။ ဤနည်းဖြင့် ဖက်ဒရယ်အစိုးရသည်၎င်းမှ တိုက်ရိုက်ဥပဒေပြုခွင့်မရှိသည့် အသုံးစရိတ်တာဝန်များကို သွယ်ဝိုက်သောအားဖြင့် ရယူနိုင်ပါသည်။ ထို့ပြင် ဖက်ဒရယ်အစိုးရသည် ထောက်ပံ့ငွေမပါသော အမိန့်အာဏာများ (unfunded mandates) ကို အသုံးချခြင်းဖြင့်လည်း ပြည်နယ်နှင့် ဒေသန္တရအစိုးရတို့အပေါ် ဖက်ဒရယ်ဦးစားပေးချက်များကို ဆောင်ရွက်ပေးရန် ဖိအားပေးနိုင်သည်။ ဖက်ဒရယ်အစိုးရ၏ “မည်သည့်ကလေးမှ နောက်မကျန်ရ ဥပဒေ (No Child Left Behind legislation)”အရ ပြည်နယ်နှင့် ဒေသန္တရအစိုးရတို့သည် ဖက်ဒရယ်အစိုးရက ထောက်ပံ့ငွေ ချပေးခြင်း မရှိသည့်တိုင် မသန်စွမ်းကလေးများအပါအဝင် ကလေးများအားလုံး၏ ပညာရေးအတွက် မဖြစ်မနေ တာဝန်ယူပေးရသည်။ နောက်ထပ် ဖက်ဒရယ်အမိန့်အာဏာပုံစံ တစ်ခုမှာ ပြည်နယ်တစ်ခုနှင့် တစ်ခုအကြား ကူးသန်းရောင်းဝယ်မှုများအပေါ် ဖက်ဒရယ်အစိုးရ၏ ထိန်းချုပ်မှု (federal control over interstrate commerce) ဖြစ်သည်။ ဖွဲ့စည်းပုံပါဖက်ဒရယ်အစိုးရ၏ကုန်သွယ်ရေးနှင့် ကူးသန်းရောင်း ဝယ်ရေးလုပ်ပိုင်ခွင့် (Trade and Commerce Clause)အရ ပြည်နယ်များအကြား ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးတို့ကို အနှောက်ယှက်ဖြစ်စေနိုင်သည့် ပြည်နယ်ဥပဒေများကို ဖက်ဒရယ်အစိုးရက ပယ်ဖျက်ပိုင်ခွင့်ရှိသည်။ ထို့ကြောင့် ဖက်ဒရယ်အစိုးရ၏ လုပ်ပိုင်ခွင့်အာဏာအချို့သည် ပြည်နယ်များ၏အသုံးစရိတ် တာဝန်များအပေါ်သက်ရောက် မှု ရှိသည်။

အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ဖက်ဒရယ်အစိုးရ အသုံးစရိတ်တာဝန်များ (သို့မဟုတ်) အသုံးစရိတ်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများကို ကန့်သတ်ချက် (၄) ခုဖြင့် ထိန်းချုပ်ထားသည်။ ဖက်ဒရယ်အစိုးရ၏ အသုံးစရိတ်တာဝန်များသည် ၁ - အထွေထွေအကျိုးစီးပွားအတွက် ဖြစ်ရမည်။ ၂ -  ဖက်ဒရယ်လွတ်တော်သည် ပြည်ထောင်စုမှ ပြည်နယ်များအား ကန့်သတ်ချက်ပါသော ထောက်ပံ့ငွေများပေး အပ်ရာတွင် ထိုထောက်ပံ့ငွေများကိုလက်ခံခြင်းဖြင့် ကြံုတွေ့ရနိုင်သော အကျိုးဆက်များကို အသိပေးရမည်။ ၃ - ပြည်နယ်များအတွက် ဖက်ဒရယ်ထောက်ပံ့ငွေသည် ပြည်ထောင်စုအကျိုးစီးပွားနှင့် သက်ဆိုင်မှုမရှိပါက ထောက်ပံ့ငွေ သတ်မှတ်ချက်များ၏ တရားဝင်မှုကို ပယ်ဖျက်နိုင်သည်။ ၄ -  ဖက်ဒရယ်အစိုးရ၏ အသုံးစရိတ် သည် အခြားသော ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ပါက ပြည်ထောင်စုလွတ်တော်မှ ခွင့်ပြုမည်မဟုတ် ပေ။ ဖက်ဒရယ်အစိုးရသည် အဆိုပါ ကန့်သတ်ချက်များနှင့်အညီ အသုံးစရိတ်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများကို ကျင့်သုံးရသည်။ ပြည်နယ်များ၏ အသုံးစရိတ်တာဝန်များနှင့်ပတ်သက်၍ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင်ရှင်းလင်း တိကျသော ကန့်သတ်ချက်များ ချမှတ်ထားခြင်း မရှိပါ။ ပြည်နယ်အများစု၏ ပြည်နယ်ဖွဲ့စည်းပုံများထဲတွင် ပြည်နယ်အစိုးရ၏ အသုံးစရိတ်များသည် ပြည်သူလူထုအတွက် ဖြစ်ရမည်ဟုသာ ပြဋ္ဌာန်းထားသည်။ ထို့အပြင် ဖွဲ့စည်းပုံအရ ဖက်ဒရယ်အစိုးရအား သီးခြားအပ်နှင်းထားသည့် အသုံးစရိတ်တာဝန်များ (ဝင်ကြေးထုတ်ဝေခြင်း နှင့် နိုင်ငံတော်ကာကွယ်ရေးအပါအဝင်) ကို ပြည်နယ်အစိုးရများက ဥပဒေပြုခွင့်နှင့် အကောင်ထည်ဖော်ဆောင် ရွက်ခွင့် မရှိပေ။ သို့ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် - ၁၀ အရ ပြည်နယ်များသည် ပြည်ထောင်စု အစိုးရအား အပ်နှင်းထားခြင်းမရှိသည့်အာဏာများအားလုံးကို ကျင့်သုံးခွင့်ရှိသည်ဟု ပါရှိသဖြင့် ပြည်နယ်များ၏ အသုံးစရိတ်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများကို တိုးချဲ့နိုင်သည့် အခွင့်အလမ်းကို ဖွင့်ထားပေးသည်ကို တွေ့ရှိရ ပါသည်။  ။  ( မဇ္စျိမ )

  1. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁ )

  2. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၂ )

  3. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၃ )

  4. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ်( ၄ )

  5. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ်( ၅ )

  6. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၆ )

  7. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ရ )

Mizzima Weekly