တရုတ်မှ ပေါင် ၁၇၇ သန်းဖြင့်ကမ်းလှမ်းလာမှုကို စီရော်နယ်ဒိုပယ်ချခဲ့

တရုတ်မှ ပေါင် ၁၇၇ သန်းဖြင့်ကမ်းလှမ်းလာမှုကို စီရော်နယ်ဒိုပယ်ချခဲ့

ဇူလိုင် ၉၊ မက်ဒရစ်။        ။ ဂျူဗင်တပ်သို့ပြောင်းရန် အလေးသာနေသည့် စီရော်နယ်ဒိုသည် နှစ်ရာသီစာအတွက် ပေါင် ၁၇၇ သန်းပေးမည်ဟု တရုတ်မှ ကမ်းလှမ်းလာမှုတစ်ခုကို ပယ်ချခဲ့သည်ဟု သတင်းထွက်နေကြောင်း ဒေးလီးမေးလ်သတင်းတွင် ဖော်ပြထားသည်။

မေလအတွင်း လီဗာပူးလ်အသင်းကိုအနိုင်ရခဲ့သည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးတွင် ပြောကြားခဲ့သည့် မှတ်ချက်နှင့် ပတ်သက်ပြီး အသင်းအုပ်ချုပ်သူများနှင့် ဆက်ဆံရေးပျက်ယွင်းခဲ့ရသည့် စီရော်နယ်ဒိုသည် ရီးယဲလ်မက်ဒရစ်မှ ဂျူဗင်တပ်သို့ ပေါင် ၈၈ သန်းဖြင့် ပြောင်းရွှေ့ဖွယ်ရှိနေသည်။

စီရော်နယ်ဒိုရောက်လာနိုင်ချေရှိနေမှုအပေါ် တူရင်တွင်စိတ်လှုပ်ရှားနေကြပြီး တက်တိုစပို့သတင်းစာခေါင်းကြီးပိုင်းတွင် စီရော်နယ်ဒိုကို ကြိုဆိုကြောင်း ဖော်ပြခဲ့သည်။

ရီးယဲလ်မက်ဒရစ်အနေဖြင့် စီရော်နယ်ဒိုကို ပေါင် ၈၈ သန်းအောက်လျော့နည်းသည့် စျေးဖြင့်ရောင်းချရန် ဆန္ဒမရှိသဖြင့် စီရော်နယ်ဒို အေးဂျင့် ဂျော့ချ်မန်ဒက်စ်၏ အခန်းကဏ္ဍအရေးပါနေသည်ဟု ယင်းသတင်းစာက ဖော်ပြထားသည်။

ထို့ပြင် စီရော်နယ်ဒိုမှာ တရုတ်ကလပ်တစ်ခု၏ စပွန်ဆာကြေးများအပါအဝင် နှစ်ရာသီစာအတွက် ပေါင် ၁၇၇ သန်းရနိုင်သည့် ကမ်းလှမ်းခြင်းကိုလည်း ခံခဲ့ရသည်ဟု သတင်းထွက်နေသည်။

ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရသည့် အသက် ၃၃ နှစ်အရွယ် ပေါ်တူဂီအသင်းခေါင်းဆောင်စီရော်နယ်ဒိုသည် လက်ရှိတွင် မိသားစုနှင့် ဂရိသို့အပမ်းဖြေခရီးထွက်နေသော်လည်း ယင်းမှာ အပြောင်းအရွှေ့ညှိနှိုင်းမှုကို ကြန့်ကြာစေမည် မဟုတ်ပေ။

အသင်းနှစ်သင်းကြား ညှိနှိုင်းမှုပြေလည်သွားပြီဖြစ်ပြီး အင်္ဂါနေ့တွင် အပြီးသတ်နိုင်မည်ဟုသတင်းထွက်နေသကဲ့သို့ ဂျူဗင်တပ် ကွင်းအပြင်ဘက်တွင် စီရော်နယ်ဒိုနာမည်ရိုက်နှိပ်ထားသည့် ကျောနံပါတ် ရ ဂျူဗင်တပ်အကျႌလည်း ရောင်းချလျှက်ရှိသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly