ကန်တော်ကြီးပတ်လမ်းတံတားသစ်အတွက် ဘတ်ဂျက် ကျပ်သိန်း ၉ဝဝဝ ကျော် လျာထား

ကန်တော်ကြီးပတ်လမ်းတံတားသစ်အတွက် ဘတ်ဂျက် ကျပ်သိန်း ၉ဝဝဝ ကျော် လျာထား

ရန်ကုန်၊ ဇူလိုင်လ ၈ ။            ။ ရန်ကုန်၊ ကန်တော်ကြီး အတွင်းပတ်လည်ရှိ ဆွေးမြေ့နေပြီဖြစ်သည့် သစ်သားတံတားများအား အသစ်ပြန် လည်တည်ဆောက်နိုင်ရန်အတွက် ဘတ်ဂျက် ကျပ်သိန်းပေါင်း ၉၄ဝဝ အသုံးပြုရန် လျာထားပြီးပြီဖြစ်ကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက မဇ္စျိမသို့ ပြောသည်။

အဆိုပါ လျာထားသည့် ဘတ်ဂျက်ကျပ်သိန်းပေါင်း ၉၄ဝဝ မှာ ၂ဝ၁၈ - ၁၉ ဘဏ္ဍာနှစ်အတွင်းလျာထားသည့် ဘတ်ဂျက်ဖြစ်ပြီး တံတားပေအရှည် ၂ဝဝဝ အား အသစ်ပြန်လည်တည်ဆောက်ရန်အတွက်   ဖြစ်ကြောင်း သိရ သည်။

ယင်းဘတ်ဂျက်မှာ ယခုနှစ် အောက်တိုဘာအတွင်းရရှိမည်ဖြစ်သည့်အတွက် တံတားတည်ဆောင်မှုအပိုင်းအား လုပ်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဌေးကပြောသည်။

“ ၂ဝ၁၈- ၂ဝ၁၉ မှာ ပေ ၂ဝဝဝ စာဘတ်ဂျက် လုံးဝလျာထားပြီးပါပြီ။ အခုပြည်ထောင်စုကနေပြီးတော့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကို ပြန်ရောက်မယ်။ ရောက်တာနဲ့ အတည်ပြုပြီးတော့ စက်တင်ဘာလ ကုန်တာနဲ့ ဒီဘတ်ဂျက်ကို အသုံးပြုလို့ရပါပြီ”ဟု ဦးဌေးအောင်က ပြောသည်။ တံတား ၁ ပေလျှင် ကျပ် ၄၇ဝဝဝဝ ဖြင့် ပေ ၂ဝဝဝ အတွက် ကျပ်သိန်းပေါင်း ၉၄ဝဝ အသုံးပြုရန် လျာထားခြင်း ဖြစ်ကြောင်း ဦးဌေးအောင်က ဆက်ပြောသည်။

ကန်တော်ကြီး ပတ်လည်းအတွင်းရှိ သစ်သားတံတားများမှာ ပေအရှည်ပေါင်း ရဝဝဝ ရှိပြီး ယခင်နှစ်က ပေ ၂ဝဝဝ အား အသစ်ပြန်လည်တည်ဆောက်ခဲ့သည့်အတွက် လက်ရှိတွင် ဆွေးမြေ့ပျက်စီးနေသည့် တံတား အရှည် ပေ ၅ဝဝဝ ခန့်ရှိကြောင်း သိရသည်။

“ လက်ရှိအခြေအနေကတော့ တံတားတွေက တော်တော်ကို ဆွေးဆွေးမြေ့မြေ့ဖြစ်နေပါပြီ။ တော်တော် များများအန္တရာယ်ရှိတယ်။ ဘယ်လိုမှကို ဆက်ပြီးတော့ ပြည်သူလူထု အသုံးပြုလို့ မရတော့တဲ့အနေအထား။ အုပ်စုလိုက်တင်မဟုတ်ဘူး။ လေးငါးယောက်ကအစ အန္တရာယ်ရှိနေတယ်အနေအထားမျိုးရှိနေတယ်။ အခု တံတားကို အသုံးပြုခွင့်မပေးတော့ဘဲနဲ့ ကျွန်တော်တို့ ပိတ်ထားလိုက်တာပဲ”ဟု မင်္ဂလာတောင်ညွှန့်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။

ယနေ့ ဇူလိုင်လ ၈ ရက်၊ နံနက် ရ နာရီ၊ ၄၅ မိနစ်ခန့်ကလည်း ကန်တော်ကြီးအတွင်း ပန်းကန်လုံးကျွန်းနှင့် ခေမာဒီ ပကျွန်းအား ဆက်သွယ်ထားသည့် တံတားမှာ အလယ်မှ ကျိုးကျမှုဖြစ်ပွားခဲ့သည်။ ယင်းတံတားပေါ် တွင် ယောဂလာကျင့်နေသည့် မြန်မာနိုင်ငံ ယောဂနည်းပြချုပ် ဦးခင်မောင်ဆွေနှင့် အမျိုးသမီး လေးဦးမှာ တံတားကျိုးမှုနှင့်အတူပါသွားခဲ့ပြီး ရေထဲပြုတ်ကျမှုဖြစ်ပွားခဲ့သည်။

ထိုသို့ ရေထဲသို့ ပြုတ်ကျမှုဖြစ်ပွားခဲ့သော်လည်း ကန်တော်ကြီးအတွင်း လှေငယ်ဖြင့် အမှိုက်လိုက်လံ ဆယ်နေ သည့် သန့်ရှင်းရေးဝန်ထမ်းများက တွေ့ရှိကယ်ဆယ်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာ တစ်စုံတရာရရှိခဲ့ခြင်းမရှိကြောင်း ကယ်ဆယ်ခဲ့သည့် သန့်ရှင်းရေးဝန်ထမ်းများပြောပြချက်အရ သိရသည်။

လက်ရှိတွင် အဆိုပါ တံတားနေရာများအား ကြံ့ခိုင်မှုမရှိသည့်အတွက် သွားလာခွင့်မပေးတော့ဘဲ ပိတ် ထားပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly