မယ်ဆိုင်ရှိ လှိုဏ်ဂူထဲ ပိတ်မိနေသူများအနက် ကလေးငယ် ၂ ဦးအား အမှတ် ၃ ဂူသို့ ရွှေ့ပြောင်း

မယ်ဆိုင်ရှိ လှိုဏ်ဂူထဲ ပိတ်မိနေသူများအနက် ကလေးငယ် ၂ ဦးအား အမှတ် ၃ ဂူသို့ ရွှေ့ပြောင်း
Photo-EPA

ဇူလိုင် ၈ ။           ။ ထိုင်းနိုင်ငံ မယ်ဆိုင်မှာရှိတဲ့ လှိုဏ်ဂူထဲမှာ ပိတ်မိနေကြတဲ့ ကလေးငယ်တွေကို ကယ်ဆယ်ဖို့ကြိုးစားရာမှာ ဇူလိုင်လ ၈ ရက် ညနေပိုင်းက ၂ ယောက်ကို  ပိတ်မိနေရာမှ အမှတ် ၃ ဂူအထိ ဒီကနေ့ညနေပိုင်းမှာ ရွှေ့ပြောင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနေရာဟာ ဂူပေါက်ဝနဲ့ တစ်မိုင်ခွဲခန့်အကွာအဝေးနေရာဖြစ်ပြီး ဇူလိုင်လ ၈ ရက် ညနေ ၅ နာရီ ၄၀ နဲ့ ၅ နာရီ ၅၀ မိနစ်ခန့်မှာ ရောက်ရှိလာခြင်း ဖြစ်ကာ လက်ရှိမှာ ကျန်းမာရေးအခြေအနေတွေကို စစ်ဆေးနေတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ အဲဒီနေရာကိုရောက်ရှိနေတဲ့ မဇ္ဈိမသတင်းထောက်က နောက်ဆက်တွဲအခြေအနေတွေ ကို သိရဖို့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်းက သမ်လောင်လှိုဏ်ဂူထဲမှာ သီတင်းပတ်နှစ်ပတ်ကျော်ကြာ ပိတ်မိနေတဲ့ တောဝက် ဘောလုံးအသင်းမှ ကလေးငယ် ၁၂ ယောက်နဲ့ နည်းပြဖြစ်သူတို့ကို ကယ်ထုတ်တဲ့ မစ်ရှင်ကို ဇူလိုင်လ ၈ ရက် က စတင်ခဲ့တာပါ။

“ ဒီနေ့ကတော့ D-day ပါ ၊ ကောင်လေးတွေအနေနဲ့ တွေ့လာနိုင်တဲ့ စိန်ခေါ်မှု မှန်သမျှကို ရင်ဆိုင်ဖို့ အသင့် ရှိနေကြပါပြီ” ဆိုပြီး ကယ်ဆယ်ရေးအကြီးအကဲ Narongsak Osottanakorn က သတင်းထောက်တွေ ကို ဒီကနေ့မနက်ပိုင်းက ပြောဆိုထားခဲ့တာပါ။

ဒီနေ့ အစောပိုင်းတုန်းကတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အထောက်အကူဖြစ်စေဖို့ ဂူအဝင်ဝ အနီး ၀န်းကျင် ဧရိယာကို အာဏာပိုင်တွေက ရှင်းလင်းခဲ့ပြီး မီဒီယာစင်တာကိုလည်း နေရာရွှေ့ပြောင်းဖွင့်လှစ်မှုတွေ လုပ်ဆောင်ထားပါတယ်။

ထိုင်းလူငယ် ဘောလုံးအသင်းသား ၁၂ ယောက်နဲ့ ၎င်းတို့ရဲ့ နည်းပြဖြစ်သူတို့ကတော့ ဇွန်လ ၂၃ ရက် ကတည်းက ထိုင်းနိုင်ငံမြောက်ပိုင်းက သမ်လောင်ဂူထဲ ၀င်ရောက်ပြီး ပိတ်မိနေခဲ့ခြင်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly