ဆီအုန်းကုမ္ပဏီအား ရွာ ၆ ရွာမှ ဒေသခံတောင်သူ ၂၀၀ ဦးကျော်က ဆန္ဒထုတ်ဖော်

ဆီအုန်းကုမ္ပဏီအား ရွာ ၆ ရွာမှ ဒေသခံတောင်သူ ၂၀၀ ဦးကျော်က ဆန္ဒထုတ်ဖော်

တနင်္သာရီ၊ ဇူလိုင်လ ၈ ။           ။ မြိတ်ခရိုင် တနင်္သာရီမြို့နယ်၊ ရေဖြူကျေးရွာရှိ ရွှေကမ္ဘောဇ ဆီအုန်းကုမ္ပဏီမှ စိုက်ပျိုးနေသော မြေယာများတွင် ဒေသခံ တောင်သူများ၏ ရွာမြေနှင့် စိုက်ပျိုးမြေများအား ပြန်လည်ဖော်ဆောင်ပေးရေး ရွာ ၆ ရွာ ဒေသခံ တောင်သူ အင်အား ၂၀၀ ဦးကျော်က ဇူလိုင်လ ၈ ရက်နေ့ မနက် ၈ နာရီခွဲ အချိန်က ဗိုလ်ချုပ် မြင်းစီး ရုပ်ထုရှေ့မှ စတင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

တနင်္သာရီတိုင်းသည်၊ ဆီအုန်း စိုက်ခင်းများနဲ့ ပတ်သက်ပြီး ကုမ္ပဏီတွေက ဧကပေါင်း များစွာကို စစ်အစိုးရ လက်ထက်က ပိုင်ဆိုင်ထားခြင်းပြီး၊ အများစုက သစ်ခိုးထုတ်သည့် စီမံကိန်းများကို ပြုလုပ်ခဲ့ကြသည်ဟု ဒေသခံ တောင်သူများထံမှ သိရသည်။

ဆန္ဒပြပွဲ ဦးဆောင်သူ သိန်ခွန်းကျေးရွာအုပ်စု၊ တားပလပ်ကျေးရွာနေ ဦးဂျွန်မောင်က “အခု ကျွန်တော်တို့ ဆန္ဒထုတ်ဖော်တာက တနင်္သာရီမြို့ပေါ်မှာရှိတဲ့ဌာနဆိုင်ရာတွေ၊ နိုင်ငံတော်မှ အကြီးအကဲတွေ၊ မြို့သူ မြို့သားတွေနဲ့ ဒေသခံ တောင်သူတွေ အားလုံး သိစေချင်လို့ ကျွန်တော်တို့ကို ခရိုနီဆန်ဆန် နှိပ်စက်နေတဲ့ ရွှေကမ္ဘောဇဆီအုန်းကုမ္ပဏီအကြောင်းကို သိစေလိုတဲ့အတွက် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်တယ်”ဟု ပြောသည်။

၎င်းဆန္ဒထုတ်ဖော်ပွဲတွင် ကြွေးကြော်သံ ၄ ချက်ဖြစ်သည့် ၁၊ ဌာနေတိုင်းရင်းသား များ နေထိုင်ရန် ရွာမြေ နယ်နမိတ်များ ဖော်ဆောင်ပေးရေး၊ ၂၊ သိမ်းဆည်းထားသောမြေများ အား နိုင်ငံတော် မူဝါဒနှင့် အညီ အမြန်ဆုံး ဖြေရှင်းပေးရေး၊ ၃၊ ဒေသခံ တောင်သူ များ မြေယာပိုင်ဆိုင်မှု ရရှိရေးနှင့် ၄၊ စားကျက်မြေများ ဖော်ထုတ်ပေးရေး ဒို့အရေး စသည့် လက်ကိုင် ပိုစတားများကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော် ခဲ့ကြောင်း သိရသည်။

ရွှေကမ္ဘောဇ ဆီးအုန်း ကုမ္ပဏီအား ဆန္ဒထုတ်ဖော်ရန် ရှမ်းအင်းတော်ရွာ၊ ရေဖြူရွာ၊ ကွန့်ယောရွာ၊ ထုံခါရွာ၊ တားပလပ်ရွာနှင့် ချောင်လမုကျေးရွာတို့မှ ဒေသခံ တောင်သူ ၂၀၀ ဦးကျော်တို့ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး၊ တောင်သူများထံမှ မြေယာများ သိမ်းဆည်းခံရခြင်း၊ တောင်သူများ၏ သီးပင်စားပင်များကို ဖျက်ဆီးခြင်း၊ လျှော်ကြေး နစ်နာကြေးများ မပေးခြင်းနှင့် ရွာမြေများလည်း ပျောက်ဆုံးနေကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။

“ကျွန်တော်တို့ တောင်သူတွေထံမှ ရွှေကမ္ဘောဇ ဆီအုန်းကုမ္ပဏီက မြေယာတွေ မတရား သိမ်းဆည်းခံ နေရပါတယ်၊ တောင်သူ အချို့လည်း ကုမ္ပဏီက တရားစွဲထားတာလည်း ရှိနေပါတယ်၊ ဒါကိုလည်း သက်ဆိုင်ရာ ဌာနဆိုင်ရာတွေကို အဆင့်ဆင့် တင်ပါတယ်၊ အခုချိန် အထိ ဖြေရှင်းပေးနိုင်တာမျိုး မရှိသေးဘူး၊ တောင်သူတွေကလည်း သီးပင် စားပင်တွေကို စိုက်ပြန်သော်လည်း ကုမ္ပဏီက လာရောက် ဖျက်ဆီးနေလို့ အခက်အခဲများနဲ့ ကြံုတွေ့နေရပြီး၊ ပြန်ပြောသော်လည်း ခြိမ်းခြောက်တာ ခံနေရလို့ အခုလိုမျိုး ဆန္ဒထုတ်ဖော် တာ ဖြစ်တယ်”လို့ ဆန္ဒထုတ်ဖော်သူ တောင်သူ ဦးလှထွန်းက ပြောဆိုသည်။

ယင်း စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ပွဲကို တနင်္သာရီမြို့နယ် ဗိုလ်ချုပ်မြင်းစီးရုပ်ထုအရှေ့မှ စတင်ကာ၊ သီတာလမ်း၊ ကမ်းနားလမ်း၊ သုခလမ်း၊ မင်္ဂလာကြီး (၁) လမ်း၊ ကျန်မာရေးလမ်း၊ ရွှေလိပ်ပြာလမ်းနှင့် စက်မှုဇုန်လမ်းအတိုင်း မြို့နယ်ခန်းမအရှေ့သို့ ချီတက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly