ပေါင် ၊ ဇူလိုင် ၊ ၈ ။ ။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ဇူလိုင် ရ ရက် ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မုတ္တမ တိုက်နယ်ဆေးရုံအတွင်းသို့ ရေများဝင်ရောက်လာကာ ဆေးရုံရှိ လူနာများကို အရေးပေါ်ရွှေ့ပြောင်း ပေးခဲ့ရ ကြောင်း သိရသည်။
“ ညနေ ၆ နာရီလောက်မှာ မိုးကစရွာတာ။ ရ နာရီ ၀န်းကျင်လောက်ရောက်တော့ ဆေးရုံဝင်းရှေ့ မှာ ရေက တစ်ပေကျော်ကျော်လောက်ရှိနေပြီး။ဆေးရုံထဲမှာလည်း ၅ လက်မလောက်ရေက ၀င်နေပြီး။အဲချိန်မှာဘဲ ဆေးရုံမှာ ရှိတဲ့ လူနာတွေကို လူမှုရေးအသင်းအဖွဲ့တွေရယ်၊ သံဃာတော်တွေရယ်၊ ပြည်သူလူထုတွေက မြနန်းဘုန်းကြီး ကျောင်းကို အရေးပေါ်ရွှေ့ပြောင်းပေးခဲ့တာ ည ၈ နာရီလောက်မှာ ပြီးသွားတယ်။” ဟု ဒေသခံပြည်သူတစ်ဦးက ပြောပြသည်။
လွန်ခဲ့သည့် ၂၄ နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ တွင် ဒေသအလိုက် နေရာကွက်၍ မိုးကြီးခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထား သည်။
“ ပြီးခဲ့တဲ့လ ၁၇ ရက်နေ့ကလည်း ကားလမ်းရေကျော်၊ ဆေးရုံထဲရေဝင် ပြီးပြီး၊ ပျက်စီးသွားတဲ့ဟာတွေကို ပြန်လည်ပြင်ဆင်လို့တောင် မပြီးသေးဘူး။ခုနောက်တစ်ခါ ထပ်ဖြစ်ပြန်ပြီး။ ဒီတစ်ခေါက်တော့ အရင် တစ်ခေါက် ထက်တော့ ရေဝင်ရောက်မှု နည်းပါတယ်။ ခုတော့ ရေလည်းပြန်ကျနေပါပြီး ” ဟု ၄င်းက ဆက်လက် ပြောသည်။
တိုက်နယ်ဆေးရုံရှိ လူနာ ၃၂ ဦးကို မြနန်းဘုန်းကြီးကျောင်းမှ တဆင့် မော်လမြိုင်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်း ပေးခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များထံမှ သိရသည်။
အဆိုပါနေရာများသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း၊ ပေါင်မြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသီဟ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်၊ မီးသတ်ဦးစီးမှူး ဦးစိုးကျော်သူ နှင့် တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များနှင့် ပြည်သူများတို့က ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၈ ရက်အထိ မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း မိုးဇလ၏ ဇူလိုင်လ ၈ ရက် မွန်းလွဲ၂ နာရီ ထုတ်ပြန်ချက်အရ သိရသည်။