လူငယ်နဲ့ ကဗျာ (၇)

ဒီကနေ့တော့ ကဗျာအကြောင်းဆွေးနွေးရင်းက စစ်ဆန့်ကျင်ရေး ငြိမ်းချမ်းရေးကဗျာအကြောင်း ကြားညှပ်ပြီးပြောချင်ပါသေးတယ်။

ဒါ ဘာပြုလို့ပြောရသလဲဆိုတော့ ဒီကနေ့ကမ္ဘာမှာ လူသားတွေဟာ ယဉ်ကျေးမှု အမြင့်မားဆုံးသတ္တဝါဆိုပြီး ဂုဏ်ယူပြောဆိုနေကြပေမယ့်လည်း လူသားအချင်းချင်း သတ်ဖြတ်တဲ့အလုပ်ကို လူတွေဟာ တိရစ္ဆာန်တွေထက်ပိုပြီးလုပ်နေကြတဲ့အချက်ကို သိစေချင်လို့ပါပဲ။ အနီးစပ်ဆုံးဥပမာပြောရရင် ကျနော်တို့နိုင်ငံက လူအချင်းချင်းသတ်ဖြတ်ရတဲ့ပြည်တွင်းစစ်ဟာ လွတ်လပ်ရေးသက်တမ်းနဲ့ဆတူဖြစ်နေတာ၊ အဲဒိီ ကျွန်ဘဝက လွတ်လပ်ပါတယ်ဆိုတဲ့သက်တမ်း နှစ်ခြောက်ဆယ်ကျော်ကာလအတွင်း ပြည်တွင်းစစ်ဖြစ်ခဲ့တာ အဲဒီစစ်ပွဲအတွင်း လူတွေဘယ်လောက် သေကြေပျက်စီးပြီး အိုးအိမ်တွေ ဘယ်လောက်ပျက်စီးဆုံးရှုံးခဲ့ရပြီလည်းဆိုတာ ခန့်မှန်းလို့မရနိုင်လောက်အောင်ရှိခဲ့တာကိုကြည့်ရင်ပဲ စစ်ပွဲတွေဟာ တိုင်းပြည်အတွက် ပြည်သူတွေအတွက် အထိခိုက်ဆုံးလုပ်ရပ်ဖြစ်တယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။

“စစ်ပွဲရယ်လို့ဖြစ်လာရင် ပထမဆုံးကျဆုံးသွားတဲ့အရာဟာ အမှန်တရားသာဖြစ်တယ်” ဆိုတဲ့စကားဟာ အင်မတန်မှန်ပါတယ်။ စစ်ဖြစ်ရင် စစ်ပွဲအတွင်း သူ့ကို ကိုယ်ကဦးအောင်မသတ်ရင် သူက ကိုယ့်ကိုသတ်တော့မှာ သေချာတာမို့၊ တရားတာ မတရားတာ၊ မှန်တာမှားတာ မရှိတော့ဘဲ ဦးအောင်သတ်ဖြတ်ပစ်ဖို့ အလုံးစုံဖျက်ဆီးပစ်လိုက်ဖို့သာ အဓိကဖြစ်လာတော့ အမှန်တရားဆိုတာ ဘယ်စဉ်းစားချိန်ရနိုင်တော့မှာလည်း။

စစ်ပွဲနဲ့အဖြေရှာတဲ့အလုပ်ဟာ ယဉ်ကျေးမှုမြင့်မားတဲ့သူတွေရဲ့အလုပ် မဟုတ်ပါဘူး။ တောရိုင်းတိရိစ္ဆာန်တို့ရဲ့ စိတ်နေစိတ်ထားအလုပ်မျိုးပါပဲ။ ဒါကြောင့်မို့ ကမ္ဘာကြီးပေါ်မှာ ယဉ်ကျေးတဲ့နိုင်ငံတွေဟာ ပြဿနာတွေကို စစ်ပွဲနဲ့မဖြေရှင်းဘဲ ဆွေးနွေးအဖြေရှာတဲ့နည်းနဲ့ ဖြေရှင်းကြလို့ အဲဒီတိုင်းပြည်တွေမှာ စစ်ပွဲတွေမရှိကြတော့ပါဘူး။ စစ်ပွဲတွေကင်းပတော့ တိုင်းပြည်ငြိမ်းချမ်းတော့ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့လည်း မခဲရင်းတော့ဘူးပေ့ါ။ ဒီတော့ အဲဒီနိုင်ငံတွေဟာ အခုဆိုရင် ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေအဖြစ် ဂုဏ်ယူစရာလူမျိုးတွေဖြစ်နေကြပါပြီ။

စစ်ပွဲတွေကြောင့် တိုင်းပြည်ထိခိုက် တိုင်းသူပြည်သားတွေ အကျိုးယုတ််ကြရပေမယ့် အဲဒီစစ်ပွဲတွေကြောင့်ပဲ ကမ္ဘာ့လက်နက်ထုတ်လုပ်သူ ကုမ္ပဏီကြီးတွေ ပိုပြိီးချမ်းသာလာကြရတာတော့အမှန်ပါပဲ။ လက်နက်အားကိုးနဲ့ အများဆန္ဒကိုဆန့်ကျင်ပြီး စစ်ပွဲတွေဖန်တီးပြီး ကိုယ်တည်မြဲဖို့ ကိုယ့်မိသားစု ကိုယ့်အသိုင်းအဝိုင်း ချမ်းသာကြွယ်ဝဖို့ကိုပဲ တွန်းလုပ်ကြတဲ့ လူနည်းစုစစ်လိုသားသူတွေဆိုတာကလည်း ကမ္ဘာပေါ်မှာ ရှိနေပြန်ပါသေးတယ်။

ကောင်းပြီ။ လူသားတွေကို ဒုက္ခပေးနေတဲ့စစ်ပွဲတွေကို လူတွေက ဒီအတိုင်း လက်ပိုက်ကြည့်နေကြတာမျိုးတော့ မဟုတ်ပါဘူး။ စစ်ဆန့်ကျင်ရေးလှုံ့ဆော်မှုတွေ ကြိုးပမ်းမှုတွေဟာ ကမ္ဘာနဲ့တဝှမ်း ရှိခဲ့ ရှိနေတာတော့လည်း အမှန်ပါပဲ။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး တာဝန်သိတဲ့လူသားတွေလည်း မရှိမဟုတ် ရှိတော့ရှိပါတယ်။ အဲဒီလိုလူတွေထဲမှာ အဲသည်လို စစ်ကိုမုန်းတဲ့ စစ်ရဲ့အနိဌာရုံတွေကိုသိတဲ့ စစ်ဆန့်ကျင်ရေးသမားတွေထဲမှာ ကဗျာဆရာတွေဟာ ရှေ့တန်းကပါ၀င်နေခဲ့ကြတယ်ဆိုတဲ့အချက်ဟာ အင်မတန်ဂုဏ်ယူဖို့ကောင်းတဲ့အချက်ပါပဲ။

အဲသလို စစ်ကိုဆန့်ကျင်ကြတဲ့ စစ်ကိုမုန်းကြတဲ့ ငြိမ်းချမ်းရေးလိုလားကြတဲ့ကဗျာဆရာတွေဟာ စစ်ဆန့်ကျင်ရေး ငြိမ်းချမ်းရေးကဗျာတွေရေးပြီး ကမ္ဘာ့ပြည်သူတွေကို တပ်လှန့်နှိုးဆော်ကြပါတယ်။ စစ်ရဲ့ဆိုးကျိုးတွေဟာ ကမ္ဘာကြီးပေါ်မှာ ဘယ်ဆိုးကျိုးနဲ့မှ မနှိုင်းယှဉ်နိုင်အောင်ကြီးမားတဲ့အကြောင်း စစ်ရဲ့အနိဌာရုံတွေကို ကဗျာတွေဖွဲ့ပြီ လူတွေကို နိုးနိုးကြားကြားဖြစ်အောင် တိုက်တွန်းကြပါတယ်။

ဒီနေရာမှာ ကဗျာဆရာတွေဟာ စစ်ဆန့်ကျင်ရေးကဗျာတွေရေးရတာ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါ၀င်ကြရတာ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။ အသက်နဲ့ရင်းကြရ အကျဉ်းထောင်တွေထဲ အပို့ခံကြရ လွတ်လပ်စွာ စာရေးသားမှုတွေ ကန့်သတ်ပိတ်ပင်ခံကြရတာမျိုးတွေကို ရင်ဆိုင်ပြိးမှ ဆောင်ရွက်ကြရတာပါ။ စစ်လိုလားသူတွေ စစ်ဖန်တိီးသူတွေက  နည်းမျိုးစုံသုံးပြီး ဒုက္ခပေးကြတာကို ကဗျာဆရာတွေရင်ဆိုင်ပြိးမှ စစ်ဆန့်ကျင်ရေး ငြိမ်းချမ်းရေးကဗျာတွေရေးကြရတာပါ။

ကဲ အခု စစ်ပွဲရဲ့အနိဌာရုံကို ရိုးရိုးရှင်းရှင်းလေးရေးဖွဲ့ထာတဲ့ကဗျာတစ်ပုဒ် တင်ပေးလိုက်ပါတယ်။ မွန်ဂိုလီးယားကဗျာဆရာ “ချိုအီဇင် ဆူရင်” ရဲ့  “စစ်” ဆိုတဲ့ကဗျာပါပဲ။

“စစ်”

 

စစ်ဖြစ်လျင်

သခင်မရှိသောအိမ်နှင့်

အိမ် မရှိသောသခင်ကိုတွေ ့မည်။

စစ်ဖြစ်လျင်

ခင်ပွန်းမရှိသောဇနီးနှင့်

ဇနီးမရှိသောခင်ပွန်းကိုတွေ ့မည်။

စစ်ဖြစ်လျင်

အဖေမရှိသောသားနှင့်

သားမရှိသောအဖေကိုတွေ ့မည်။

 

စစ်ဖြစ်လျင်

ခြေထောက်မရှိသော ခန္တာကိုယ်နှင့်

ခန ္တာကိုယ်မရှိသောခြေထောက်ကိုတွေ ့မည်။

စစ်ဖြစ်လျင်

ကျွဲနွားမရှိသောစားကျက်နှင့်

စားကျက်မရှိသော ကျွဲနွားကိုတွေ ့မည်။

စစ်ဖြစ်လျင်

ယမ်းငွေ ့တွေဝေ၍

ကပ်ရောဂါများနှင့် ၀မ်းနည်းကြေကွဲမှုတို ့ကြံုမည်။

ငါတို ့စစ်ကို နှိပ်ကွပ်ကြပါစို ့

ငါတို ့စစ်ကိုမဖြစ်ကြပါစို ့။ ။

(မွန်ဂိုလီးယားကဗျာဆရာချိုအီဇင် ဆူရင် ရဲ့ War ကဗျာကို T N M ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။ International မဂ္ဂဇင်း၊နိုဝင်ဘာ၊၁၉၉၃..မှ ဖြစ်ပါထယ်။)

ဒိီကနေ့တော့ ဒိီကဗျာလေးနဲ့ပဲ ခဏနားလိုက်ပါဦးမယ်။

လူငယ်များ ကဗျာတွေထဲကတဆင့် လောကဓမ္မ အလှကိုယ်စီ ရအောင်ယူနိုင်ကြပါစေ။

  1. လူငယ်နဲ့ ကဗျာ ( ၁ )

  2. လူငယ်နဲ့ ကဗျာ ( ၂ )

  3. လူငယ်နဲ့ ကဗျာ ( ၃ )

  4. လူငယ်နဲ့ ကဗျာ ( ၄ )

  5. လူငယ်နဲ့ ကဗျာ ( ၅ )

  6. လူငယ်နဲ့ ကဗျာ (၆)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly