ရေနံစျေးနှုန်းများကျဆင်းမှုက အမေရိကန်စွမ်းအင်ကဏ္ဍ အလုပ်အကိုင်များကို ဖျက်စီးပစ်နေ

ရေနံစျေးနှုန်းများကျဆင်းမှုက အမေရိကန်စွမ်းအင်ကဏ္ဍ အလုပ်အကိုင်များကို ဖျက်စီးပစ်နေ

နယူးယောက်၊ စက်တင်ဘာ - ၂ ။         ။ အမေရိကန်၏ အကြီးဆုံးစွမ်းအင်ကုမ္ပဏီများအနက်မှ တစ်ခုဖြစ်သည့် Conoco Phillips က အင်္ဂါနေ့က အလုပ်နေရာပေါင်း ၁၈၀၀ဖြတ်တောက်လျှော့ချမည့် အစီအစဉ်ကို ကြေညာခဲ့သည်။

မြောက်အမေရိကတွင် ထုနှင့်ထည်နှင့် အလုပ်နေရာဖြတ်တောက်လျှော့မှုများ ဖြစ်ပွားလာတော့မည်ဖြစ်ရာ ဟူစတန်မြို့တစ်ခုတည်းတွင်ပင် အလုပ်နေရာပေါင်း ၅၀၀ကျော်ဖြတ်တော့လျှော့ချတော့ မည်ဖြစ်သည်။

ရေနံကုမ္ပဏီကြီးကမူ ရုတ်တရက်စီးပွားရေးကျဆင်းမှုက ရေနံလုပ်ငန်းနယ်ပယ်ကို ဖုံးလွှမ်းသွားသောကြောင့် အလုပ်နေရာဖြတ်တောက်လျှော့ချမှုများဆီသို့ ဦးတည်သွား ခဲ့ရသည်ဟုပြော သည်။ရေနံဈေးနှုန်းများ ကမောက်ကမဖြစ်မှုမှာ အမေရိကန် ယာဉ်မောင်းများအတွက် ကြီးမားလှသော်လည်း တကယ်အထိနာသည်က စွမ်းအင်ကဏ္ဍမှ အလုပ်သမားများပင် ဖြစ်သည်။  

ဈေးကွက်အတွင်း ရေနံပိုလျှံလာမှုက ယမန်နှစ် တစ်စည် ဒေါ်လာ ၁၀၀ဈေးနှုန်းမှာ ပြီးခဲ့သည့် ရက်သတ္တပတ်တွင် တစ်စည် ၃၈ဒေါ်လာအထိ နိမ့်ဆင်းသွားခဲ့သည်။ ရေနံဈေးနှုန်းများမှာ အတက်အကျမြန် ဆန်လွန်းလှ၍ စွမ်းအင်ကုမ္ပဏီများအတွက် အနာဂတ်စီမံကိန်းဆွဲရန်ပင် အခက်တွေ့နေရပြီး ရေနံကုမ္ပဏီအားလုံးလိုလိုပင် အသုံးစရိတ်များကို သိသိသာသာ လျှော့ချလာခဲ့ကြသည်။

မကြာသေးမီက ရေနံဈေးနှုန်း ပြန်လှုပ်လာခဲ့သော်လည်း သုံးလေးနှစ်နှင့် အရင်လို ဂဏန်းသုံးလုံးဈေးပြန်ရောက်ဖို့ အနည်းငယ်ကသာ မျှော်လင့်ရဲကြတော့သည်။   

Conoco Phillips မှာ ရှည်လျားလှသည့် အလုပ်သမားလျှော့ချသည့် ကုမ္ပဏီများစာရင်းတွင် တစ်ခုအပါအဝင်မျှသာ ဖြစ်သည်။ အလုပ်လက်မဲ့ကူညီရေးကုမ္ပဏီတစ်ခုဖြစ်သည့် Challenger, Gray & Christmas ၏ ပြောကြားချက်အရ ၂၀၁၄ခုနှစ် ဇွန်လမှ ၂၀၁၅ခုနှစ် ဧပြီလအတွင်း ရေနံဈေးနှုန်းများ ကျဆင်းမှုကြောင့် အမေရိကန်ကုမ္ပဏီများက အလုပ်နေရာပေါင်း ၅၁၀၀၀ကျော်ဖြတ်တောက်လျှော့ချ ခဲ့သည်ဟု ဆိုသည်။  

ရေနံကွင်းဝန်ဆောင်မှုကုမ္ပဏီများက အလုပ်သမားအရေအတွက် လျှော့ချရာတွင် အပြင်းထန်ဆုံးဖြစ်ပြီး Schlumberger ၊ Baker Hughes နှင့် Halliburton တို့အသီးသီးက ထုနှင့်ထည်နှင့် အလုပ်သမားလျှော့ချမှုများကို ကြေညာခဲ့ကြသည်။ အလုပ်တွင်မြဲနေသေးသည့် စွမ်းအင်ကဏ္ဍ အလုပ်သမားအချို့မှာလည်း လုပ်ခလျှော့ယူရန် ဖိအား အပေးခံကြရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly