ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ဓာတ်ခွဲခန်းအတွက် သိန်း ၆ ထောင် ဘတ်ဂျက်ချထား

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ဓာတ်ခွဲခန်းအတွက် သိန်း ၆ ထောင် ဘတ်ဂျက်ချထား

ရန်ကုန်၊ ဇူလိုင်လ ရ ။                 ။ ကုတင် ၂,ဝဝဝ ဆန့်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏  ဓာတ်ခွဲခန်းအတွက် အစိုးရမှ  ကျပ်သိန်း ၆ ထောင် ဘတ်ဂျက် ခွဲဝေချပေးထားကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး မှ ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေးက ပြောသည်။

အဆိုပါ ဘတ်ဂျက် ကျပ်သိန်း ၆ ထောင်မှာ ယခုနှစ် ၂ဝ၁၈ ခုနှစ်အတွက် ချထားပေးခြင်းဖြစ်ကြောင်း ယနေ့ ဇူလိုင်လ ရ ရက်နေ့၊ ရန်ကုန်ဆေးရုံကြီးတွင် ကျင်းပပြုလုပ်ခဲ့သည့် မကာအို- မြန်မာချစ် ကြည်ရေးအသင်းမှ ရန်ကုန်အတွင်းရှိ အဓိကဆေးရုံကြီး ၆ ရုံသို့ သွေးစစ်ပြွန် အရေအတွက် ၁ သိန်းနှင့် တစ်ခါသုံး ဆေးထိုးအပ် ၃ သောင်းအား လှူဒါန်းသည့်ပွဲအပြီးတွင် ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေးက ပြောခဲ့ခြင်းဖြစ်သည်။

“ ဘတ်ဂျက်ချပေးတုန်းကတော့ အဲ့ဒီလိုပေါ့ အစ်မတို့က အစည်းအဝေးဆုံးဖြတ်ချက်အရ လျာထား တာဖြစ် ပါတယ်။ တစ်လကို သိန်းတစ်ထောင် ဓာတ်ခွဲမှုအတွက် သုံးသွားမှာဖြစ်ပါတယ်။ ဒီဓာတ်ခွဲအတွက်သုံးတဲ့ နေရာမှာ ဒီနေ့လှူဒါန်းတဲ့ သွေးစုပြွန်ရယ်၊ သွေးဖောက်တဲ့ အပ်တွေရယ် ဝယ်သွားနိုင်မှာဖြစ်ပါတယ်။ ဒီနေ့ လှူဒါန်းခြင်းအားဖြင့် အမတို့က ဘတ်ဂျက်ကနေ ဝယ်ရတာနည်းသွားပြီးတော့ ကျန်တဲ့ လိုအပ်တဲ့အပိုင်းတွေ ပိုဝယ်နိုင်မှာဖြစ်ပါတယ်။ လူနာတွေအတွက် ဓာတ်ခွဲမှုတွေ ပိုလုပ်ပေးနိုင်မှာဖြစ်ပါတယ်”ဟု   ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေးက ပြောသည်။

ကုတင် ၂,ဝဝဝ ဆန့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်  လူနာဦးရေမှာ နေ့စဉ် ၁,၇ဝဝ မှ ၁,၈ဝဝ ထိရှိပြီး အတွင်း လူနာများကို ဓာတ်ခွဲကုသမှုနှင့် စမ်းသပ်မှုပိုင်းအား အခကြေးငွေ မယူဘဲ လုပ်ဆောင်ပေးနေမှု အမျိုးပေါင်း ၅ဝ ကျော်မှ ၆ဝ နီးပါးထိရှိကြောင်း သိရသည်။

အရေးပေါ်လာသည့် လူနာများကိုလည်း ဆေးဝါးဝယ်ယူခိုင်းခြင်းမရှိဘဲ အရေးပေါ်ကုသမှုပိုင်းနှင့် ခွဲစိတ်မှုပိုင်း များကို အားလုံးအခမဲ့လုပ်ဆောင်ပေးနေခြင်းဖြစ်ကြောင်း   ဒေါက်တာမြင့်မြင့်အေးက ပြောသည်။

“ ဒါပေမယ့် လူနာဆောင်ရောက်သွားတဲ့အချိန်မှာတော့ တချို့ အစ်မတို့ဆီမှာမရှိတဲ့ ဆေးတွေ ဝယ်ရတယ်။ အစ်မတို့ဆီမှာမရှိတဲ့ စမ်းသပ်မှုတွေကို ပြင်ပဓာတ်ခန်းခွဲတွေမှာ စစ်ဆေးရတာတွေတော့ ရှိပါတယ်”ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေးက ပြောသည်။

လူနာမှာ ဆေးကုသရန် လုံးဝမတတ်နိုင်ကြောင်းမှန်ကန်ပါက ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ဆေးလူမှုဆက် ဆံရေးဌာနမှ တစ်ဆင့် အလှူရှင်များဖြင့် ချိတ်ဆက်ပြီး ဆေးဝယ်ပေးသည်မှအစ ဓာတ်ခွဲစမ်းသပ်မှုများအထိ လုပ်ဆောင်ပေးနေမှုများရှိကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ ဆေးရုံများအား ဘဏ္ဍာငွေအရ ၂ဝ၁၂- ၁၃ ခုနှစ်မှစပြီး ဆေးပစ္စည်းများနှင့် လူနာများအား တတ်နိုင်သမျှ အခမဲ့လုပ်ဆောင်ပေးရန်နှင့် လူနာများမှ စိုက်ထုတ်သုံးစွဲရသည့် ငွေကြေးပမာဏ အနည်းဆုံးဖြစ်ရန် ရည်ရွယ်ချက်ဖြင့် ဆေးဝါးများဝယ်ယူရန်အတွက် ဘဏ္ဍာငွေများ ချထားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly